CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ ဗီလာရီးရယ်လ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုး သွင်းယူခဲ့ပြီးနောက် ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ ဂိုးသွင်းစံချိန် မှတ်တမ်းနဲ့ တူညီသွားခဲ့ပါတယ်။
ဟာလန်းဟာ ဒီပွဲမှာ ဂိုးသွင်းယူခဲ့တာကြောင့် နော်ဝေနဲ့ မန်စီးတီးအသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ ၁၂ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် ဟာလန်းဟာ ၂၀၁၈ ခုနှစ်က ရော်နယ်လ်ဒို ရီးရယ်လ်အသင်းမှာ ကစားချိန် ၁၂ ပွဲဆက်တိုက် ဂိုးသွင်း ယူနိုင်တဲ့ စံချိန်နဲ့တူညီသွားခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒီ ၁၂ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူထားပြီး အကောင်းဆုံးပုံစံတွေ ပြသထားတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီ မန်စီးတီးအသင်း ကစားခဲ့တဲ့ပွဲတွေမှာ စပါးအသင်းနဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတိုင်းကို သွင်းဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာပါ။
ဂွာဒီယိုလာကို တွေ့ရစဉ်
ဟာလန်းက သူဟာ ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ အရာတွေကြောင့် ပွဲတွေမှာ အဆင်သင့် ဖြစ်နေခဲ့တာလို့ ထင်ကြောင်းနဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်နေဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက နိုင်ပွဲရခဲ့တဲ့အတွက်နဲ့ ဟာလန်း ထပ်ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျေနပ် တယ်လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
ဒါအပြင် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်း နဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: talksport