CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃
မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီက ၂၀၂၄ ခုနှစ်အတွက် ဘောလွန်းဒီအောဆုရှင်အဖြစ် သူ့ကိုရွေးချယ် ခဲ့တဲ့အပေါ် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုအနေနဲ့ မေးခွန်း မထုတ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။
ရိုဒရီက “ရော်နယ်ဒိုရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အံ့အားသင့်မိပါတယ်။ ဘာကြောင့်လဲဆိုရင် သူဟာ ဒီဆုပေးဖို့ အတွက် ဘယ်လိုအလုပ်လုပ်လဲနဲ့ အနိုင်ရတဲ့သူကို ဘယ်လိုရွေးချယ်လဲဆိုတာ လူတိုင်းထက် ပိုပြီးသိတာကြောင့် ပါ။ ဒီနှစ်အတွက် မဲပေးခဲ့တဲ့ ဂျာနယ်လစ်တွေက ကျနော်ရသင့်တယ်ဆိုပြီး မဲပေးခဲ့ကြပါတယ်။ ဒီဂျာနယ်လစ် တွေဟာ သူဆုရခဲ့တုန်းကလည်း မဲပေးခဲ့ကြသူတွေ ဖြစ်နိုင်ပါတယ်။ ဒါကို သူသဘောတူမယ်လို့ထင်ကြောင်း”AS ကို ပြောခဲ့တာပါ။
ဘောလွန်းဒီအောဆုကို ၅ ကြိမ် ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုက ဗီနီစီးယက်စ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ရိုဒရီထက် ဘောလွန်းဒီအောဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရိုဒရီကလည်း ရော်နယ်ဒိုရဲ့ မှတ်ချက်အပေါ် ပြန်လည်တုန့်ပြန်လာခဲ့တာပါ။
ရိုဒရီကိုတွေ့ရစဉ်
ရိုဒရီဟာ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက်နဲ့ စပိန်အသင်းကို ယူရို ၂၀၂၄ ချန်ပီယံဆုရရှိအောင် ဦးဆောင်နိုင်ခဲ့တာတွေကြောင့် ဘောလွန်းဒီအောဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ပြုလုပ်ခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ ရိုဒရီဟာ ဗီနီစီးယက်စ်ကို မဲအသာနဲ့ အသာရပြီး ဆုရရှိခဲ့တဲ့အတွက် ရီးရယ်လ်အသင်းဟာ ဒီဆုပေးပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြတာပါ။
ဗီနီစီးယက်စ်ဟာ ဘောလွန်းဒီအောဆုနဲ့ လွဲခဲ့ပေမယ့် FIFA The Best နဲ့ Globe Soccer ဆုပေးပွဲတွေမှာ အကောင်းဆုံး အမျိုးသားကစားသမားဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရိုဒရီဟာ လက်ရှိအချိန်မှာ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်မှုခံယူထားတာကြောင့် အနားယူနေရတာပါ။
စပိန်ကွင်းလယ်လူ ရိုဒရီဟာ ရာသီမကုန်ခင်မှာ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင်ကစားပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။
မန်စီးတီးအသင်းဟာ ရိုဒရီဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၆ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN