CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁

စပိန်ကွင်းလယ်လူ ရိုဒရီဟာ အချိန်တိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမား(GOAT)ကို ရွေးချယ်ခဲ့တာမှာ မက်ဆီနဲ့ ရော်နယ်ဒိုကို ငြင်းပယ်ပြီး သူ့ရဲ့ မန်စီးတီးအသင်းဖော် ဒီဘရိုင်းကို ရွေးချယ်သွားခဲ့ပါတယ်။ 

ရိုဒရီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မန်စီးတီး၊ စပိန်လက်ရွေးစင် အသင်းတို့နဲ့ ဆုဖလားအောင်မြင်မှုတွေ အများကြီး ရရှိခဲ့တဲ့သူပါ။

ကစားသမားအများစုဟာ GOAT နဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ဖြေလေ့ရှိကြပေမယ့် ရိုဒရီကတော့ သူတို့နှစ်ဦးစလုံးကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီဟာ GOAT နဲ့ ပတ်သက်ပြီး GOAL ရဲ့မေးမြန်းမှုကို မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းလို့ ဖြေခဲ့တာပါ။ 

ရိုဒရီဟာ ဒီဘရိုင်းကို GOAT လို့ဖော်ပြခဲ့တဲ့ တစ်ဦးတည်းသော မန်စီးတီးအသင်း ကစားသမား မဟုတ်ပါဘူး။ 

ရိုဒရီ၊ ဒီဘရိုင်းနဲ့ ဖိုဒန်တို့ကိုတွေ့ရစဉ်

ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရပြီးနောက် ပြန်ကစားနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲမှာ အံ့အားသင့်ဖွယ် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဂရီလစ်ရှ်က သူ့ကို GOAT လို့ခေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီဘရိုင်းဟာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူပေးနိုင်ခဲ့တာပါ။ 

ရိုဒရီကလည်း မန်စီးတီးအသင်းကို ရောက်ရှိလာချိန်ကတည်းက အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပြီး ၂၀၂၃-၂၄ ရာသီ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ 

ဒါပေမယ့် ဒီဆုကို မန်စီးတီးအသင်းဖော် ဖိုဒန်က သူနဲ့ ဟာလန်းတို့ကို အသာရပြီး ရရှိသွားခဲ့တာပါ။ 

မန်စီးတီးအသင်း ကစားသမားတွေဖြစ်တဲ့ ရိုဒရီ၊ ဖိုဒန်၊ ဟာလန်းနဲ့ ဝေါလ်ကာတို့ဟာ PFA တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့ပြီး ဒုတိယမြောက် ပွဲစဉ်အဖြစ် တန်းတက် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal