CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကွင်းလယ်လူ ရိုဒရီဟာ ဒူးအရွတ်(ACL)ဒဏ်ရာကြောင့် ဒီရာသီပွဲတွေကို ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ရိုဒရီဟာ ခွဲစိတ်မှုခံယူပြီးပါပြီ။ ဒါကြောင့် လာမယ့်ရာသီမှသာ သူဒီမှာရှိနေတော့မှာပါ။ ဒီရာသီ ကတော့ သူ့အတွက် ပြီးသွားပါပြီ။ ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားမပါဝင်ဘဲ ပွဲတွေအများကြီး ကစားရဖို့အတွက် နည်းလမ်းရှာဖွေရမှာပါ”လို့ ပြောခဲ့တာပါ။ 

ရိုဒရီဟာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ရိုဒရီဟာ သူ့ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေ ခံယူအပြီးမှာ ခွဲစိတ်မှုခံယူခဲ့ရကာ ရာသီ အကုန်ထိ အနားယူရတော့မှာပါ။ 

ရိုဒရီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်မှုဖြစ်ခဲ့ပါတယ်။ 

ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့ ပွဲစဉ် ၅ ပွဲကို လွဲချော်ခဲ့ပြီး အသင်းဟာ ဒီပွဲတွေမှာ ၄ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

ဒီဘရိုင်းကို တွေ့ရစဉ်

မန်စီးတီးအသင်းရဲ့ အဓိကကွင်းလယ်လူဖြစ်တဲ့ ဒီဘရိုင်းကလည်း အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။

ဒီဘရိုင်းဟာ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှသာ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ 

မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ပြီးရင် ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆလိုဗန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC