CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄

မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီဟာ အာဆင်နယ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြီးမားတဲ့ ဒူးဒဏ်ရာကို ခံစားခဲ့ရပြီးနောက် ရာသီအကုန်ထိ အနားယူရဖွယ်ရှိနေပါတယ်။ 

ရိုဒရီဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၆ မိနစ်မှာ အာဆင်နယ်အသင်း ကွင်းလယ်လူ ပါတေးနဲ့ ထိခိုက်မိခဲ့တာကနေ ညာဘက် ဒူးဒဏ်ရာ ရရှိသွားခဲ့တာပါ။ 

စပိန်ကွင်းလယ်လူဟာ ဒဏ်ရာကြောင့် ဆက်ကစားနိုင်တော့ခြင်း မရှိတဲ့အတွက် မန်စီးတီးအသင်းဟာ သူ့ရဲ့ နေရာမှာ ကွင်းလယ်လူ ကိုဗာဆစ်နဲ့ လူစားလဲလှယ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီဟာ ညာဘက်ဒူးအရွတ် ထိခိုက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် မန်စီးတီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။

ရိုဒရီဟာ ဒူးဒဏ်ရာကို ခွဲစိတ်မှုမခံယူခင် သူ့ရဲ့ဒဏ်ရာ အခြေအနေကို အထူးကုတွေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ဖို့ ဘာစီလိုနာကို ရောက်ရှိနေတယ်လို့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒဏ်ရာကြောင့် ရိုဒရီ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ဒီရာသီ အကုန်ထိ အနားယူရမယ်လို့ ခန့်မှန်းထားကြတာပါ။

မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရိုဒရီဟာ သန်မာတဲ့သူ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ရိုဒရီမတိုင်ခင် ကွင်းလယ်လူ ဒီဘရိုင်းကလည်း အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့တာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ဒီဘရိုင်းဟာ ကာလရှည်ကြာ အနားယူရမှာ မဟုတ်ဘဲ မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ လာမယ့်ပွဲတွေမှာ အဓိကကွင်းလယ်လူ ၂ ဦး မပါဝင်ဘဲ ယှဉ်ပြိုင်ရတော့မှာပါ။ 

မန်စီးတီးအသင်းဟာ စက်တင်ဘာလ ၂၅ ရက်မှာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝက်ဖို့ဒ် အသင်းနဲ့ အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro