CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃

၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအော ဆုပေးပွဲမှာ ဆုရဖို့ရေပန်းစားတဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီက ဒီဆုကိုရယူနိုင်ဖို့က သူ့အတွက် အိပ်မက်ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

ရိုဒရီက “ဘောလွန်းဒီအောဆုက ကျနော့်အတွက် အိပ်မက်တစ်ခု ဖြစ်မှာပါ။ ဇာဗီနဲ့ အင်နီယေစတာတို့တောင် မရတာ ရိုဒရီက ဘယ်လိုလုပ်ရမှာလဲဆိုပြီး ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ်။ တစ်စိတ်တစ်ပိုင်းကိုတော့ ကျနော် သဘောတူပါတယ်။ သူတို့တွေဟာ သမိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့ကြပေမယ့် အဆုံးသတ်မှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပါဝင်တဲ့ မျိုးဆက်တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ကြပါတယ်။ ဒီဆုကို ရယူနိုင်ခဲ့ရင် ကျနော်နဲ့ ကျနော့်ရဲ့ နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်လာမှာပါ”လို့ ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ရိုဒရီဟာ စပိန်အသင်းကို ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒါအပြင် ရိုဒရီဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ တာကြောင့် ဒီနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိဖို့ ရီးရယ်လ်ကြယ်ပွင့် ဗီနီစီးယက်စ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေ တာပါ။

ရိုဒရီကို တွေ့ရစဉ်

ဒါပေမယ့် စပိန်အသင်းဟာ ယူရို ၂၀၀၈၊ ၂၀၁၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေ ရရှိခဲ့ချိန်တုန်းက ဘောလွန်းဒီအောဆုကို တစ်ဦးမှရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ 

စပိန်ကိုယ်စားပြု ကစားသမားတွေထဲမှာ ဘောလွန်းဒီအောဆုကို နောက်ဆုံး ရယူနိုင်ခဲ့တဲ့သူကတော့ ၁၉၆၀ ခုနှစ်က ဘာစီလိုနာနဲ့ အင်တာမီလန် ကစားသမားဟောင်း လူးဝစ်ဆွာရက်ဇ် ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဒီနှစ် ဘောလွန်းဒီအောဆုကို ရိုဒရီရယူနိုင်ခဲ့ရင် နှစ်ပေါင်း ၆၄ နှစ်အကြာမှ ဘောလွန်းဒီအောဆုကို ပြန်လည်ရရှိတဲ့ ပထမဆုံး စပိန်ကစားသမားအဖြစ် မှတ်တမ်းဝင်မှာပါ။

ရိုဒရီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ပြီးကတည်းက မန်စီးတီးအသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။ 

ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရိုဒရီဟာ ဒီရာသီ မန်စီးတီးအသင်းအတွက် သူ့ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: ESPN