CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂

တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ဖရဲကားများသည် တရုတ်နိုင်ငံ၏ ကိုဗစ်ကူးစက်မှု တားဆီးရေး လုပ်ငန်းစဉ်များ ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာ၍ ဖြန့်ဖြူးလျက်ရှိကြောင်း ဖရဲကုန်သည်များနှင့် ဖရဲတောင်သူများထံမှ သိရသည်။

တရုတ်နိုင်ငံအတွင်း ဒေသအသီးသီး၌ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် လော့ဒေါင်းများ ချထားမှု နှင့် ဖရဲအရောင်းကွင်းတွင် ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ဖရဲများကို ဝယ်ယူမည့် ကုန်သည်များ ရောက်ရှိနိုင်ခြင်း မရှိဘဲ ဖြစ်နေခြင်းကြောင့် ဖရဲကားများသည် ပြည်တွင်းသို့ ပြန်လည်လှည့်လာနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူတစ်ဦးဖြစ်သည့် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံမှာ ကိုဗစ် စစ်ဆေးနေစဉ် (GETTY IMAGES)

၎င်းက “ဖရဲကားတွေ ပြန်လှည့်လာတာက တရုတ်ပြည်ရဲ့ ပေါ်လစီပါပဲ။ တရုတ်ပြည်မှာရှိတဲ့ ပေါ်လစီက ဘာလဲ ဆိုတော့ လက်ရှိမှာက ကိုဗစ် ၁၉ ကို Zero Zone ပေါ့နော် တရုတ်ပေါ်လစီ သတ်မှတ်လိုက်တယ်။ Zero Zone ဖြစ်ဖို့အတွက်။ အဲဒီပေါ်လစီကြောင့်မို့ ဘာဖြစ်တုန်းဆိုတော့ နေရာတော်တော်များများမှ လော့ဒေါင်းတွေ ပြန်ဖြစ် သွားတယ်။ လော့ဒေါင်းတွေ ဖြစ်တဲ့အချိန်မှာက အစ်ကိုတို့ အခုလက်ရှိ အရောင်းကွင်းထဲမှာ ကုန်သည် ရောက် မလာနိုင်ဘူးပေါနော်။ ပထမဆုံးဖြစ်တာက အရောင်းကွင်းထဲမှာ ကိုဗစ်ပိုးတွေ့လို့ အရင်ဆုံးလုပ်တယ်။ အရောင်း ကွင်းထဲမှာ လော့ဒေါင်း ပြီးတဲ့အချိန်မှာ တခြားနယ်တွေမှာလည်း အဲလို လော့ဒေါင်းတွေ ဖြစ်နေတဲ့အတွက် ကုန်သည်တွေ ရောက်မလာနိုင်ဘူး။ နောက်တစ်ခုက တရုတ်ပြည်ထဲမှာ ရောက်နေတဲ့ ဖရဲတွေကလည်း တခြား ပြည်နယ်ကို သွားဖို့အတွက် အခက်အခဲ ဖြစ်နေတယ်။ အဲဒါကြောင့် မို့လို့ကြောင့်မို့ ပြန်လှည့်လခဲ့ရတယ်” ဟု ပြောသည်။

တရုတ်ကို တင်ပို့မည့် ဖရဲကားများ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာကြသည်မှာ တစ်ပတ်ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ အစီးရေ ၃၀၀ ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဖရဲများကို နီးစပ်ရာ ဒေသများဖြစ်သည့် လားရှိုး၊ မန္တလေးနှင့် မိတ္ထီလာ စသည့် ဒေသများသို့ ပြန်လည် ရောင်းချခြင်းများ ရှိသည့်အပြင် ရန်ကုန်ဈေးကွက်သို့ ရောင်းချမှုများလည်း ရှိသည် ဟု ဖရဲကုန်သည်တစ်ဦးက ပြောသည်။

တရုတ်ကိုပို့မည့် မြန်မာ့ဖရဲကားများကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းက “ဖရဲကားတွေ ပြန်လှည့်လာတာက ပြန်ဆင်းလာတာ ကိုယ်သိသလောက်ဆို တစ်ပတ်လောက်ရှိပြီ။ အခု လက်ရှိ အနေအထားဆို ပြန်လှည့်လာတဲ့ အရေအတွက် ကားအစီးရေ ၃၀၀ ဝန်းကျင်လောက် ရှိနေပြီ။ သစ်သီးရဲ့ သဘောတရားအရ အချိန်နှင့်အမျှ ပျက်စီးနိုင်တယ်လေ။ အဲအခါကျတော့ ပြန်လှည့်လာတဲ့ ကားတွေက အဲဒီမှာ လုံးဝ လွှင့်ပစ်တာထက် စာလို့ရှိရင် အောက်မှာ ပြန်ဆင်းလာလို့ ဥပမာ လားရှိုးမှာ ရောင်းတဲ့ဟာက ရောင်းတယ်။ မန္တလေးမှာ ရောင်းတဲ့ဟာက ရောင်းတယ်။ မိတ္ထီလာမှာ ရောင်းတဲ့ဟာက ရောင်းတယ်။ တချို့ ရန်ကုန်အထိ ပြန် ဆင်းလာတာ မျိုးတွေလည်း ရှိတယ် အဲလိုမျိုးပေါ့၊ ဒေသအသီးသီးကို ဖြန့်ကျက်သွားလိုက်တော့တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲများ ထပ်မံရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ဖရဲစိုက်ပျိုးသည့် တောင်သူများ အနေဖြင့် တရုတ်နိုင်ငံ မူဝါဒနှင့် ဈေးကွက် အခြေအနေများကို သေချာလေ့လာပြီးမှသာ ဆောင်းရာသီအတွက် ဖရဲများကို စိုက်ပျိုးသင့်ကြောင်း ဖရဲဈေးကွက် ကျွမ်းကျင်သူများနှင့် ကုန်သည်များက ပြောသည်။