CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့နေသည့် ဖရဲများသည် လမ်းခရီး ကြာမြင့်သည့်အတွက် အပျက်အစီး ဖြစ်ပေါ်နေသည်ဟု ကုန်သည်များထံမှ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်၍ မရသည့်အတွက် ဖရဲတင်ပို့သည့် ကုန်သည်များက မိုင်းလားနယ်စပ်မှတဆင့် တင်ပို့နေရခြင်း ဖြစ်သည်။

ကျင်စန်းကျော့မှတဆင့် တင်ပို့ရာတွင် ၂ ရက်ခန့်သာ ကြာမြင့်သော်လည်း မိုင်းလားမှတဆင့် တင်ပို့ရာတွင် ၅ ရက်ခန့် ကြာမြင့်နေခြင်းကြောင့် ဖရဲများ ပို၍ ပျက်စီးလာခြင်းဖြစ်ကြောင်း၊ ပျက်စီးမှုသည် ၂ တန်မှ ၁၀ တန်အထိ ရှိသည်ဟု ဖရဲကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဖရဲကားများကိုတွေ့ရစဉ်

၎င်းက “လမ်းခရီး ကြန့်ကြာတာနဲ့ သူက မိုးသီးဖြစ်နေတဲ့အတွက် အပျက်အစီးများတာ၊ နောက်ပိုင်း ဆောင်းသီး ကျရင်တော့ အဲဒီလောက် မပျက်တော့ဘူး။ လမ်းခရီးကလည်း ကြာတယ်လေ၊ ၄ ညအိပ် ၅ ရက်လောက် ကြာ တယ်လေ။ ရောင်းကွင်းရောက်ဖို့ဆိုရင် တစ်ပတ်လောက် ကြာတယ်။ ကျင်စန်းကျော့ကနေ သွားတဲ့အခါကျ ၁ ည အိပ်နဲ့ ရောက်သွားတာလေ။ အလွန်ဆုံး တရုတ်ပြည်ထဲ ရောက်သွားရင် ၂ ရက်ပဲ ကြာတာလေ။ ရှမ်းသီးတွေက မပျက်ဘူး။ ဗမာသီးတွေကပဲ ပျက်တာ။ ပျက်တယ်ဆိုတာက မိုးတွင်းမှာ စိုက်ထားတဲ့အတွက် အသီးက ရေတအား သောက်ထားတယ်။ ရေသောက်သီးက အထားမခံဘူး။ ပုံမှန်ကတော့ ၅ တန်ပျက်တဲ့ကောင်က ပျက်တယ်၊ ၆ တန် ပျက်တဲ့ကောင်က ပျက်တယ်။ တချို့ကားတွေကျတော့လည်း ၁၀ တန်လောက် ပျက်သွားတယ်။ ကားတစ်စီးမှာ ၁၆ တန်လောက် တင်တဲ့နေရာမှာ အဲဒီလိုမျိုး ဖြစ်နေတယ် ပုံမှန် မရှိပါဘူး။ ရှမ်းသီးတွေကျတော့ အပျက်အစီးက နည်းပါတယ်။ ကားတစ်စီးကို အပျက်ကမှ ၂ တန်၊ ၃ တန်ဆို အကုန်ပဲလေ။ ဘယ်လိုမျိုး အသီးတွေ တင်မလဲဆို တော့ ရေစစ်တဲ့အသီး၊ အဝေးတင်ခံနိုင်တဲ့ အသီးတွေကို တင်တော့ပေါ့။ အဝေးတင်မခံနိုင်တဲ့အသီး၊ အရည်အသွေး မပြည့်မီတဲ့ အသီးတွေကို တင်လိုက်ရင် ပျက်စီးမှုက ရှိလာမှာလေ။ အဲဒီအရည်အသွေး မပြည့်မီတဲ့အသီး၊ အဝေး တင် မခံနိုင်တဲ့ အသီးတွေက ပြည်တွင်းဈေးကွက်ကိုပဲ သွားပေါ့” ဟု ပြောသည်။

လက်ရှိတွင် မိုင်းလားမှတဆင့် တရုတ်နိုင်ငံသို့ ဖရဲတင်ပို့မှုသည် နေ့စဉ် ကားအစီးရေ ၁၀၀ အထက်တွင် ရှိနေ ကြောင်း သိရသည်။

သိန်း ၁၀၀ မှ သိန်း ၁၅၀ ကြားတွင် ရှိနေပြီး ကားခအနေဖြင့် သိန်း ၆၀ ရှိနေကြောင်း၊ တင်ပို့ချိန်တွင် အပျက်အစီး ဖြစ်ပေါ်သွားပါက ကားခပင် မရရှိကြောင်း ကုန်သည်များက ပြောသည်။

ထို့ကြောင့် ဖရဲတင်ပို့မည့် ကုန်သည်များ၊ တောင်သူများနှင့် ပွဲရုံများအနေဖြင့် အရည်အသွေး ပြည့်မီသည့် အသီး များနှင့် ကြာရှည်အထားခံသော ဖရဲသီးများကို ရွေးချယ်၍ တင်ပို့ကြရန် လိုအပ်ကြောင်း အကြံပြုကြသည်။

ထို့နောက် နောက်ထပ် ဖရဲစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ချင့်ချိန်၍ စိုက်ပျိုးကြရန် လိုအပ်သည်ဟု စစ်ကိုင်း တိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

ဖရဲကားများကိုတွေ့ရစဉ်

၎င်းက “ဖရဲဈေးကွက် အလားအလာက တရုတ်ပြည်ဈေးကွက် အရောင်းအဝယ် အေးသွားတယ်ဆိုတဲ့ အနေ အထားတွေရော၊ နောက်တစ်ခုက လတ်တလော စိုက်တဲ့သူတွေရဲ့ အနေအထားကတော့ ကျနော်တို့ အကောင်း ဆုံးကိုတော့ မျှော်လင့်ပါတယ်။ မူဆယ်ဈေးကွက်ကို ဖွင့်ဖို့အတွက်ကို မျှော်လင့်တယ်။ ဒီအတိုင်း မိုင်းလား တစ် ပေါက်တည်းနဲ့ သွားမယ်ဆိုရင်တော့ ကျနော်တို့ ဆုံးရှုံးနစ်နာမှုလည်း များမယ်၊ စိန်ခေါ်မှုလည်း ကြီးမယ်ပေါ့နော်။ ဒါလေးတွေကိုတော့ ကျနော်တို့ တွေ့ရတယ်။ ဘာလို့ဆို ခရီးဝေးတာရော၊ ခရီးကြန့်ကြာတာတွေပေါ့နော်၊ နောက် တစ်ခု ကြားစခန်းတစ်ခု ရှိသေးတယ်၊ မြန်မာဘက်ခြမ်း ကြားစခန်း ဂျူတီစစ်တွေက သူ့ပုံမှန် သွားနေကျ လမ်း ကြောင်း မဟုတ်တဲ့အတွက် အချက်အလက် မပြည့်စုံတဲ့အတွက် ကျနော်တို့ ဂျူတီစောင့်ရတာ နည်းနည်းကြာ တယ်။ လမ်းပန်းအနေနဲ့ကတော့ ကောင်းပါတယ်၊ ကျနော်တို့ လုံခြုံလည်း လုံခြုံတယ်၊ သွားလို့လာလို့လည်း အဆင်ပြေတယ်၊ ခရီးဝေးတာလေး တစ်ခုပေါ့နော်၊ နောက်စိုက်မယ့် သူတွေအတွက်ကိုလည်း ချင့်ချိန်စိုက်ဖို့ လို တယ်၊ ကျနော်တို့ မူဆယ်ပေါက် ပွင့်သွားရင်တော့ ကျနော်တို့ ကုန်ကျစရိတ်တွေလည်း လက်ရှိကုန်နေတဲ့ဟာနဲ့ ယှဉ်လိုက်ရင် ကုန်ကျစရိတ်က ခေါက်ချိုးမက သက်သာမှာလေ အဲဒီလိုလေးတွေတော့ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်ပြည်အတွင်း၌ အရောင်းအဝယ် အေးနေကြောင်း၊ ထို့ကြောင့် ဖရဲဈေးနှုန်းများသည်လည်း တည်ငြိမ်နေပြီး တစ်ကီလိုလျှင် တရုတ်ယွမ်ငွေ ၃ ယွမ်မှ ၄ ယွမ်ကြားသာ ရှိကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုများ ပြန်လည်၍ လုပ်ဆောင်နိုင်မည်ဆိုပါက ဖရဲကုန်သည်များ အနေဖြင့် ကုန်ကျစရိတ်နှင့် ကြာမြင့်ချိန်သည် ယခုထက် ထက်ဝက်ခန့် သက်သာသွားမည်ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။