CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ငန်းခွင်ပြဿနာများကို တာဝန်ယူစေလွှတ်လိုက်သည့် အေဂျင်စီများ အနေဖြင့် ရက်ပေါင်း ၃၀ အတွင်းသွားရောက်ဖြေရှင်းပေးရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြား ထားသော်လည်း လာရောက်ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

ပြဿာနာကြီးမားပြီး လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားဖော်ပြကြမှသာလျှင် လာရောက် ဖြေရှင်းပေးကြ ခြင်းဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်သို့ မတက်လာသည့် ကိစ္စများဖြစ်ပါက လာရောက် မဖြေရှင်းပေးကြ သည်က ပိုများကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“လွန်ခဲ့တဲ့ရက်ပိုင်းကဖြစ်တဲ့ လရောင်မှာဖြစ်တဲ့ ၂၃၀ ကျော် ကိစ္စပေါ့။ အဲဒါမျိုးဆိုလည်းကြည့် သူတို့အနေနဲ့က အကူအညီတောင်းတယ်၊ တောင်းတဲ့အခါမှာ သက်ဆိုင်ရာလွှတ်တဲ့အေဂျင်စီတွေက မဖြေရှင်းပေးနိုင်ဘူး။ မဖြေရှင်းပေးနိုင်တော့ နောက်ဆုံး ဒုက္ခရောက်တဲ့ဟာမျိုးပေါ့။အများစုကတော့ သိရသလောက် မဖြေရှင်းနိုင်ဘူး လို့ပဲ ပြောလို့ရတယ်။ နောက်ပြီးတော့ အခြေအနေပေါ် မူတည်တယ်။ အုပ်စုလိုက်ကြီးဆိုရင် သူတို့ များသော အားဖြင့် သွားပြီးရှင်းကြတာတို့၊ ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားတဲ့ဟာမျိုးဆိုရင် ရှင်းတာရှိတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တစ်ယောက်၊ နှစ်ယောက်နဲ့ဖြစ်တဲ့ MOU တွေဆိုရင် တော်တော်များများ ဒုက္ခရောက်ကြတယ်။ ပြဿနာကြီးတဲ့အခါမျိုးမှသာ အကုန်လုံးရောက်လာကြတာ။ ပြဿနာမကြီးဘူး မီဒီယာပေါ် သေချာ မတက်လာ ဘူးဆိုရင် ရောက်တာနည်းပါတယ်” ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားများအား သံအရာရှိများမှ တွေ့ဆုံစဉ်

ထိုင်းနိုင်ငံသို့ ရောက်ရှိသည့် MOU လုပ်သားများသည် သတ်မှတ်ထားသည့် လုပ်ငန်းခွင်၊ အလုပ်နေရာ၊ လုပ်ငန်းရှင် မဟုတ်ခြင်းများ၊ လုပ်ခလစာမရရှိခြင်းများ အဓိကကြုံတွေ့ရခြင်းဖြစ်သည်။

ထိုသို့ ကြုံတွေ့ရသည် အချို့အေဂျင်စီများသည် ရက် ၃၀ အတွင်းမဟုတ်သော်လည်း  လုပ်ငန်းခွင် ပြောင်းလဲပေး ခြင်းများ လုပ်ဆောင်ပေးကြကြောင်းနှင့် အချို့အေဂျင်စီများကမူ ရှောင်တိမ်းသွားကြကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သားများအနေဖြင့်လည်း အေဂျင်စီများမှ လာရောက်မဖြေရှင်းပေးသည့်အခါမျိုးတွင် အလုပ်သမား သံအရာရှိတို့ထံသို့ အကြောင်းကြား၍ အကူအညီတောင်းခံနိုင်သော်လည်း ဆက်သွယ်ရန် ဝန်လေးခြင်း၊ အဆက်အသွယ်မရရှိခြင်းတို့ကြောင့် အလုပ်သမားအရေးအဖွဲ့အစည်းများဖြင့်သာ ဖြေရှင်းကြလေ့ရှိကြောင်း သိရသည်။

အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးနှင့် အလုပ်သမားများ တွေ့ဆုံစဉ်

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “အလုပ်သမားတွေက သံရုံးကို တိုင်လိုက်ရင်လည်း ဖုန်းဆက်ပြီးတော့မှ ဖုန်းကိုင်ချင်ကိုင်တယ်၊ မကိုင်ချင် မကိုင်ဘူး။ ဘယ်အေဂျင်စီ တွေ ကလည်း မေးပြီးတော့ ငါတို့ အေဂျင်စီတွေကို အကြောင်းကြားလိုက်ပါ့မယ်ဆိုတဲ့ အသံဖိုင်တွေ၊ record တွေ ကျနော်တို့ဆီကို အများကြီးရောက်လာတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ အလုပ်သမားအရေးမှာ ထိထိ ရောက်ရောက် အကူအညီပေးချင်တယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနဟာ မိမိတို့ ဝန်ကြီးဌာနကအစ သံအရာရှိအဆုံး ဥပဒေကို လေးစားလိုက်နာဖို့ လိုသလို အလုပ်သမားတွေကို သတ်မှတ်ထားတဲ့အချိန်ကာလ အတိုင်းအတာတစ်ခုမှာ သွားရောက်မဖြေရှင်းပေးခဲ့ရင် ဒီပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကို သူတို့ဆီက တစ်စုံတစ်ရာ အကျိုးခံစားခွင့်တွေ မယူဘဲနဲ့ လုံးဝ blacklist လုပ်ပစ်ဖို့ လိုအပ်တယ်လို့ ပြောလိုတယ်” ဟု ပြောသည်။

ရက်ပေါင်း ၃၀ အတွင်းသွားရောက်ဖြေရှင်းပေးရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိကြခြင်းသည် အေဂျင်စီများအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ အရေးယူမှု အပိုင်း အားနည်းခြင်းကြောင့် ဖြစ်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြ သည်။

အလုပ်သမားဝန်ကြီးဌာနသည် အေဂျင်စီများအနေဖြင့် အလုပ်သမားရေးရာကိစ္စ၊ ပြဿာနာများ၊ ထူးခြားဖြစ်စဉ် များ ပေါ်ပေါက်ခဲ့ပါက သက်ဆိုင်ရာသို့ သတင်းပို့ကာ အချိန်နှင့်တပြေးညီ အလုပ်သမား သံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။ 

ထို့အပြင် လက်ရှိ၌ ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ထိုင်းကုမ္ပဏီ ၁၂၆ ခု၊ ထိုင်းနိုင်ငံသား ၁၂၅ ဦး၊ ထိုင်းအေဂျင်စီ ၂၀ ခုကိုလည်း အလုပ်သမားဝန်ကြီးဌာနမှ Blacklist စာရင်းသွင်းထားကြောင်း ထုတ်ပြန် ထားသည်။