CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃

အေဂျက်စ်အသင်းနည်းပြ ဟိုက်တင်ဂါက ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီး အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလို့ ပြောခဲ့ပါတယ်။ 

ဟိုက်တင်ဂါက “သူတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတင် မဟုတ်ဘဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ရဲ့ ပွဲအစီအစဉ်က အလုပ်ဖြစ်ခဲ့ပေမယ့် အနီကတ် ပြသခံရအပြီးမှာ သွင်းဂိုးတွေ ခွင့်ပြုခံခဲ့ရပါတယ်။ ကစားသမားတွေကို အပြစ်တင်လို့မရဘဲ သူတို့အလုပ် ကြိုးစားခဲ့ ကြပါတယ်။ ကစားသမားတွေ ကွင်းထဲမှာ ပြသခဲ့တဲ့ အရာတွေအတွက် ကျနော်လေးစားမှု အပြည့်ရှိပါတယ်”လို့ ပြောခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က ပွဲထွက်လူ စာရင်းကို ၁၀ နေရာအထိ ပြောင်းလဲပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ အေဂျက်စ်ကစားသမား တေလာ ထုတ်ပယ်ခံရပြီးနောက်မှာ ချယ်လ်ဆီးအသင်းဟာ သွင်းဂိုး တွေ ဆက်တိုက် သွင်းပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီးနဲ့ အေဂျက်စ် ယှဉ်ပြိုင်နေစဉ်

ဒီပွဲစဉ်မှာ မာခ့်ဂူအီ၊ အက်စ်တီဗာအိုနဲ့ တိုင်ရစ်ဂျော့ချ်တို့ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်း ဆယ်ကျော်သက် ကစားသမား ၃ ဦးဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကွင်းအတွင်းမှာရှိတဲ့ လူငယ် ကစားသမား အများအပြားရဲ့ စွမ်းဆောင် ရည်ကြောင့် နိုင်ပွဲရခဲ့တဲ့အတွက် ဝမ်းသာပေမယ့် အနီကတ်က ပွဲကိုပြောင်းလဲမှုတွေ ဖြစ်စေခဲ့တယ်လို့ ဝန်ခံခဲ့ပါ တယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး အေဂျက်စ်အသင်းကတော့ ၃ ပွဲစလုံး အရေးနိမ့်ကာ နောက်ဆုံးဖြစ်တဲ့ အဆင့် ၃၆ နေရာမှာ ရပ်တည်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: metro