CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃

လီဗာပူးလ်အသင်းက ဖရန့်ဖတ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဖော် ဖလော်ရီယန်ဗစ်ဇ်ကို ပေးပို့မှု မပြုလုပ်ဘဲ ကန်သွင်းမှု ပြုလုပ်ခဲ့တဲ့ တောင်ပံကစားသမား ဆာလက်ရဲ့ တစ်ကိုယ် ကောင်း ဆန်မှုကို အသင်းပရိသတ်တွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ဆာလက်ဟာ ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ချန်လှပ်ခံခဲ့ရပြီး ၇၄ မိနစ်ရောက်မှသာ အက်ကီတီကေရဲ့ နေရာ လူစားလဲ ဝင်ရောက်ခဲ့ရတာပါ။ 

ဒီပွဲစဉ်ရဲ့ မိနစ် ၉၀ ပြည့်ခါနီးမှာ ဆာလက်ဟာ ဖလော်ရီယန်ဗစ်ဇ်ကို လီဗာပူးလ်အသင်း ကစားသမားဘဝ ပထမဆုံး သွင်းဂိုး သွင်းယူနိုင်ဖို့အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးဖို့ အခွင့်အရေးရခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆာလက်ဟာ အသင်းဖော်ကို လျစ်လျူရှုပြီး သူကိုယ်တိုင် ကန်သွင်းမှု ပြုလုပ်ခဲ့တာပါ။ 

ပြီးခဲ့တဲ့နွေရာသီက ပေါင် ၁၁၆ သန်းနဲ့ လေဗာကူဆင်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက လီဗာပူးလ် အသင်းအတွက် သွင်းဂိုး မသွင်းယူနိုင်သေးတဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ ဒီပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်း ပရိသတ်တွေကတော့ ဂိုးရနိုင်မယ့် အခွင့်အရေးမှာ ဖလော်ရီယန်ဗစ်ဇ်ကို မပေးပို့ခဲ့တဲ့ ဆာလက်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

လီဗာပူးလ်အသင်း ပရိသတ်တစ်ဦးက “ဆာလက်သာ ဒီနေရာမှာ တစ်ကိုယ်ကောင်း မဆန်ဘူးဆိုရင် ဒါက ဗစ်ဇ်အတွက် ပထမဆုံးသွင်းဂိုးဖြစ်မှာပါ။ ဒါက အလွန်ဆိုးရွားတဲ့ ရွေးချယ်မှုဖြစ်ပြီး ဆာလက်က သူကိုယ်တိုင် ကန်သွင်းချင်နေတာပါ”လို့ ရေးသားခဲ့ပါတယ်။ 

နောက်ထပ် ပရိသတ်တစ်ဦးက “ဆာလက်အနေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ဆောင်မှုတွေကို စွန့်လွှတ်ဖို့ လိုပါတယ်။ သူ့အနေနဲ့ ပေးပို့မှုတွေ ပြုလုပ်ခဲ့ရင် ဒီပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်တောင် ရနိုင်တယ်”လို့ ရေးသားခဲ့ ပါတယ်။ 

လီဗာပူးလ်အသင်း ပရိသတ်အချို့က ဆာလက်ကို လာမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ပွဲထွက် လူစာရင်းကနေ ချန်လှပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့ပေမယ့် ဒီရာသီမှာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေပြီး ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားထားတာမှာ ၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်းကို အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ ၄ ပွဲဆက် အရေးနိမ့်နေမှုကို ရပ်တန့်နိုင် ခဲ့ပြီး လာမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာလည်း နိုင်ပွဲဆက်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

Source: Dailymail