CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂
လာလီဂါ ဘောလုံးအဖွဲ့ချုပ်ဟာ ဒီဇင်ဘာထဲ မိုင်ယာမီမှာ ကစားဖို့ စီစဉ်ထားတဲ့ ဗီလာရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်က စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ဟာ ဗီလာရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတို့ပွဲကို ဒီဇင်ဘာ ၂၀ ရက် Hard Rock Stadium မှာ ကျင်းပမယ့် အစီအစဉ်ကို ခွင့်ပြုချက်ပေးခဲ့ပြီး စပိန်မှာ ဒီဆုံးဖြတ်ချက်ဟာ အငြင်းပွားစရာတွေ ဖြစ်ခဲ့တာပါ။
စပိန်နိုင်ငံ ပြင်ပမှာ ပထမဆုံးအကြိမ်အဖြစ် လိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးပွဲတစ်ပွဲကို ကျင်းပဖို့ စီစဉ်တဲ့အပေါ် ကြီးမားတဲ့ တုန့်ပြန်မှုတွေ ရရှိခဲ့ပြီး လာလီဂါ ကစားသမားတွေဟာ ပြီးခဲ့တဲ့လိဂ် ပွဲစဉ်တွေမှာ ပွဲအစ ၁၅ စက္ကန့်ကို မကစားဘဲ ရပ်တန့်ကာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလို အခြေအနေတွေကြောင့် လာလီဂါဟာ လိဂ်ပြိုင်ပွဲကို စပိန်ပြင်ပမှာ ကျင်းပဖို့ စီစဉ်ထားတာကို ဖျက်သိမ်းခဲ့ပြီး ပွဲစီစဉ်သူတွေဖြစ်တဲ့ Relevent ကတော့ ဒီပွဲအတွက် စီစဉ်ဖို့ အချိန်မလုံလောက်တာကြောင့် ဖျက်သိမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ဗီလာရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ဗီလာရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကို ဗီလာရီးရယ်လ်အသင်း အိမ်ကွင်းမှာသာ ကျင်းပတော့မှာပါ။
စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံမှာ ပြီးခဲ့တဲ့ ၅ ရာသီအတွင်း ၄ ကြိမ် ကျင်းပခဲ့ပေမယ့် လာလီဂါဟာ ဥရောပ ထိပ်တန်းလိဂ် ပွဲစဉ်တစ်ပွဲကို ပြည်ပနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြီး ဝင်ငွေ အများအပြား ရနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
အီတလီစီးရီးအေ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေစီမီလန်နဲ့ ကိုမိုအသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း အီတလီ အပြင်ဘက်ဖြစ်တဲ့ သြစတြေးလျနိုင်ငံ၊ ပါ့ချ်မှာ ဖေဖော်ဝါရီထဲ ကျင်းပဖို့ စီစဉ်ထားတာပါ။
အေစီမီလန်အသင်း ကွင်းလယ်လူ ရာဘီယော့ဟာ စီးရီးအေပွဲစဉ်ကို ပြည်ပမှာ ကျင်းပမယ့် အစီအစဉ်ကို ဝေဖန် ခဲ့ပြီး စီးရီးအေ အကြီးအကဲကတော့ ရာဘီယော့အနေနဲ့ သူ့ရဲ့အလုပ်ရှင်ကို လေးစားသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: BBC