CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ယာဂါးဒန်းအသင်းကို အဝေးကွင်းမှာ ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ဖို့ နီးစပ်ပြီးနောက် နည်းပြမာရက်စ်ကာက ပြီးပြည့်စုံတဲ့ညလို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “အရေးပါတဲ့ ဆီမီးဖိုင်နယ်ပွဲနဲ့ ပြီးပြည့်စုံတဲ့ည ဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ဒုတိယအကျော့ကို အာရုံစိုက်ဖို့လိုပါတယ်။ ပထမမိနစ် ၇၀ က ကောင်းမွန်ခဲ့ပေမယ့် နောက်ဆုံးမိနစ် ၂၀ မှာ အနည်းငယ် ကျသွားခဲ့ပါတယ်။ ကျနော်တို့ အလုပ်ကောင်းမွန်စွာ လုပ်ခဲ့ပေမယ့် အိမ်ကွင်းမှာလည်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့လိုပါတယ်။ ပွဲချိန်မိနစ်တွေနဲ့ ပတ်သက်ပြီး ကစားသမားတွေကို စီမံခန့်ခွဲနိုင်ဖို့ ကြိုးစား နေသလို သူတို့ကို ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ လာမယ့်ပွဲအတွက် ကျနော်တို့ စွမ်းအင်တွေ ပြန်လည်ရရှိဖို့လိုအပ်တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ဆန်ချိုနဲ့ မာဒူကီက ၁ ဂိုးစီသွင်းယူခဲ့ပြီး ဂျက်ဆန်က ၂ ဂိုး သွင်းယူ ခဲ့တာဖြစ်ပါတယ်။
ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ဗိုလ်လုပွဲ ကို တက်နိုင်ဖို့ အနီးစပ်ဆုံး ဖြစ်သွားခဲ့တာပါ။
ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အာရုံစိုက်နေရတဲ့အတွက် ယာဂါးဒန်း အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်း အများအပြားကို အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကွန်းဖရန့်လိဂ်ပွဲစဉ် မတိုင်မီမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဘရန်ဖို့ဒ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ရမှတ်ချင်းတူ၊ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်က ထိပ်ဆုံး ၅ သင်း တိုက်ရိုက် ဝင်ခွင့်ရမှာဖြစ်လို့ ထိပ်ဆုံး ၅ သင်း ထဲဝင်ရောက်ဖို့ ပြိုင်ဆိုင်မှု ပြင်းထန်နေကြတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC