CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂

စပိန်နဲ့ ရီးရယ်လ်အသင်းနည်းပြဟောင်း လိုပီတီဂီကို ကာတာလက်ရွေးစင်အသင်း နည်းပြအဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တယ်လို့ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။

လိုပီတီဂီဟာ နည်းပြဟောင်း လူးဝစ်ဂါစီယာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ကာတာအသင်းကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) လက်ကျန်ပွဲစဉ်တွေကို စတင်ကိုင်တွယ်ရမှာပါ။ 

လိုပီတီဂီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ စပိန်အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအသင်းတစ်သင်းကို ပြန်လည်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ 

လိုပီတီဂီဟာ ဝက်စ်ဟမ်းအသင်းကို နောက်ဆုံး ကိုင်တွယ်ထားပြီး ဇန်နဝါရီက ထုတ်ပယ်ခံခဲ့ရတာပါ။

ကာတာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် အုပ်စု A မှာ အဆင့် ၄ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

လိုပီတီဂီကို တွေ့ရစဉ်

ကာတာအသင်းဟာ ထိပ်ဆုံး ၂ သင်းထဲ ဝင်ရောက်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်နိုင်မှာ မဟုတ်ပေမယ့် အဆင့် ၃ နဲ့ ၄ အတွင်းမှာ ရပ်တည်ပြီး ပလေးအော့ဖ် ကစားခွင့်ရဖို့ အခွင့်အရေးရှိနေတာပါ။ 

ကာတာအသင်းဟာ တတိယအဆင့် ခြေစစ်ပွဲ ၈ ပွဲကစားအပြီးမှာ ရမှတ် ၁၀ မှတ် ရရှိထားပြီး အဆင့် ၅ နေရာက ကာဂျစ္စတန်အသင်းကို ၄ မှတ်အသာရထားပါတယ်။

ကာတာအသင်းဟာ လက်ကျန်ခြေစစ်ပွဲ ၂ ပွဲအဖြစ် အဆင့် ၁ နေရာက အီရန်၊ အဆင့် ၂ နေရာက ဥဇဘတ်ကစ္စတန် အသင်းတို့နဲ့ ဇွန်လထဲယှဉ်ပြိုင်ရမှာပါ။

ကာတာအသင်းအနေနဲ့ စတုတ္ထအဆင့် ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဒီပွဲစဉ် ၂ ပွဲစလုံးမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

Source: CNA