CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀

ထိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိမ့်ဆုံးအခြေခံလုပ်ခလစာအား တိုးမြှင့်ရန် ထိုင်းအလုပ်သမားဝန်ကြီး ဌာနနှင့် စက်မှုလုပ်ငန်းအဖွဲ့ချုပ်တို့ ဆွေးနွေးလျက်ရှိသော်လည်း တိုးမြှင့်မည့်ပမာဏနှင့်ပတ်သက်၍ အတည်မပြု ရသေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။

အနိမ့်ဆုံး အခြေခံလုပ်ခလစာသတ်မှတ်ခြင်းအား စက်မှုကဏ္ဍ ထိခိုက်မှုအပေါ်  စိုးရိမ်သဖြင့် တစ်နိုင်ငံလုံး တပြေးညီ ဘတ် ၄၀၀ တိုးနိုင်မည် မဟုတ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ၏ ပြောဆိုချက်အား Thai PBS သတင်းတွင် ဖော်ပြထားသည်။ 

ထိုသို့ ဘတ် ၄၀၀ တိုးမြှင့်ရန် လုပ်ဆောင်မည်ဆိုပါက စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အား အပါအဝင် အဖက်ဖက်၌ လျှော့ချမှုများရှိလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလုပ်ရှင်တွေအနေနဲ့ကတော့ တစ်ယောက်ကို ၄၀၀ နဲ့ နေ့စားခ  ပေးရတော့မယ်ဆိုရင် သူတို့အနေနဲ့ကလည်း တွက်ပြီ။ သူတို့က အဲဒါဆိုရင် ကျန်တဲ့အပိုင်းတွေကို လျှော့ချ ကောင်း လျှော့ချနိုင်တာပေါ့။ ကျန်တဲ့အပိုင်းဆိုတာ လူမှုဖူလုံရေးအကျိုးခံစားခွင့်ပိုင်းဆိုင်ရာကြတော့ သူတို့ အနေနဲ့ လျှော့ချသွားမယ်။ တချို့စက်ရုံတွေမှာ အလုပ်ရှင်တွေက နားလည်မှုနဲ့ ဘောနပ်စ်ပေးတဲ့ဟာတွေ ဒါမျိုးတွေဆို သူတို့ကဖြတ်တော့မယ် ဘယ်ပေးတော့မလဲ သဘောပြောပြတာ။ ဒါမျိုးလုပ်တယ်ဆိုရင် ကျန်တဲ့ အခတွေ ကုန်ဈေးနှုန်းတွေ ဘာတွေက လိုက်တက်လာမယ့် အနေအထားမှာ ဖြစ်မယ်။ အဲဒါက မလွယ်ဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ခရိုင်အလိုက် အနိမ့်ဆုံးအခြေခံလုပ်ခလစာအား ၃၂၈ ဘတ်သို့ တိုးမြှင့်သတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း နယ်စပ်ဒေသများတွင် အထောက်အထား စာရွက်စာတမ်း မရှိသဖြင့် တစ်ရက်အတွက် အခြေခံလုပ်ခလစာ ဘတ်ငွေ ၁၀၀ မှ ၂၀၀ ဝန်းကျင်အထိသာ ရရှိသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား အများအပြားရှိကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ဆက်ပြောသည်။

“အခုလက်ရှိ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာဆိုရင် ထားပါတော့ ၃၂၀၊ အများဆုံးက ၃၅၀။ အဲဒီလောက် ကိုပဲ တကယ် အားလုံးပေါ့ ထိထိရောက်ရောက်ရအောင် လုပ်ပေးနိုင်ရင် မဆိုးဘူး။ အခု အဲဒီသတ်မှတ်ထားတဲ့ တစ်နေ့တာ လုပ်အားခကို မရတဲ့လူတွေက အများကြီး ကျနော်တို့ နယ်မြေတွေမှာလည်းရှိတယ်။ ဒါပေမယ့် အလုပ်သမားတွေအနေနဲ့ကလည်း ၃၀၀ လောက် ရတယ်ဆိုရင် တော်ပြီ။ နောက် အကြောင်းကြောင်းကြောင့်ပေါ့။ တချို့ကျတော့လည်း အထောက်အထား မရှိဘူး။ အထောက်အထား မရှိတဲ့အခါကျတော့ အလုပ်ရှင်နဲ့ နားလည်မှု ပေါ့။ အလုပ်ရှင်ကလည်း သူ့ဘက်က သက်သာတယ်။ အလုပ်သမားကလည်း သူ့မှာ အထောက်အထား မရှိတဲ့အခါ ကြတော့ တိုးမတောင်းရဲဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ အသားစက်ရုံလုပ်ငန်းခွင်

အနိမ့်ဆုံး အခြေခံလုပ်ခလစာ ၄၀၀ ဘတ်သို့ တိုးပေးမည်ဆိုပါက လက်ရှိ ၃၂၈ ဘတ် ပေးဆောင်သောလုပ်ငန်း များအတွက် ကုန်ကျစရိတ်မှာ ၂၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပြီး  ၃၅၄ ဘတ် ပေးဆောင်သောလုပ်ငန်းများ အတွက် ကုန်ကျစရိတ်မှာ ၁၃ ရာခိုင်နှုန်းတိုးလာမှာဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်က ထောက်ပြသည်။

အစိုးရလုပ်ငန်းများတွင် လုပ်ကိုင်နေသူများအား အနိမ့်ဆုံးအခြေခံလုပ်ခလစာ ၄၀၀ ဘတ်သို့ တိုးမြှင့်ပေးရန် လွယ်ကူသော်လည်း ပုဂ္ဂလိကလုပ်ငန်းများအတွက် မလွယ်ကူလှကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“လက်ရှိထိုင်းနိုင်ငံရဲ့ အခြေအနေက လုပ်ငန်းရှင်တွေက နိုင်ငံခြားသားတွေများတယ်။ တရုတ်နဲ့ အခြား နိုင်ငံခြား သားတွေများတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တိုင်းကရော မိမိတို့အလုပ်သမားတွေကို တစ်ချိန်တည်းမှာ လုပ်ခ လစာ ၄၀၀ ပေးနိုင်ပါ့မလားပေါ့။ ၄၀၀ မပေးနိုင်တဲ့အခါကျရင် ပြဿနာတွေက ဘာတွေဖြစ်လာမလဲ ဆိုတော့ အကြောင်းမဲ့ အလုပ်ဖြုတ်မယ်။ အလုပ်သမားတွေကို အစုလိုက်အပြုံလိုက်၊ ထောင်လိုက် သောင်းလိုက် နားခိုင်းတာတွေ၊ အလုပ်ဖြုတ်တာတွေ၊ ဒါတွေ လျှော့ချတာတွေ ဖြစ်လာမယ်။ ဒါဆိုလို့ရှိရင် တိုင်းပြည်အတွင်းမှာ ဆူပူမှုတွေ၊ ပြဿနာတွေဖြစ်လာမယ်။ အလုပ်လက်မဲ့တွေ ပိုပြီးတော့ များပြားလာမယ်။ ၃၅ ရာခိုင်နှုန်းလောက် အထိ လုပ်နေတဲ့အလုပ်ဟာ ဆောက်လုပ်ရေးအလုပ်ဖြစ်တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်လို့ ပြောလို့ ရတာပေါ့။ 
ဆောက်လုပ်ရေးအလုပ်တွေထဲမှာ ပုဂ္ဂလိကအလုပ်က ၃၀ ရာခိုင်နှုန်းလောက်ရှိပြီးတော့ အစိုးရ အလုပ်က ၇၀ ရာခိုင်နှုန်းလောက်ရှိတယ် ဒီဆောက်လုပ်ရေးထဲမှာ။ အဲဒီတော့ တကယ်လို့များ ၄၀၀ ပေးရမယ် ဆိုရင်တောင်မှ အဲဒီအလုပ်ကြမ်းသမားတွေ၊ ဆောက်လုပ်ရေးထဲမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား သူတို့တွေကိုပဲ ၄၀၀ ပေးလိမ့်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့အသစ်သည် ဝန်ကြီးချုပ်သာ ပြောင်းလဲသွားခြင်းဖြစ်ပြီး မူဝါဒများမှာ ယခင် အစိုးရလက်ထက်အတိုင်းသာ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။

ဖြူးထိုင်းပါတီသည် မဲဆွယ်စည်းရုံးရေးကာလက အနိမ့်ဆုံးအခြေခံလုပ်ခလစာအား ဘတ် ၆၀၀ အထိ တိုးမြှင့်ပေးသွားမည်ဟု ကြွေးကြော်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိ ဘတ် ၄၀၀ တိုးမြှင့်ရန် လုပ်ဆောင်ရန်မှာ မလွယ်ကူသည့် အနေအထားဖြစ်သောကြောင့် ၎င်းတို့ အစိုးရသက်တမ်းကာလအတွင်း ဘတ် ၆၀၀ တိုးမြှင့်ရန်မှာ မဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။