CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များကို အထောက်အထားများ ပြုလုပ်ပေးနေသဖြင့် MOU လုပ်သားခေါ်ယူမှုနှုန်းထား နည်းပါးနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ၌ ထိုင်းသို့ ရောက်ရှိနေသည့် တရားမဝင် အထောက်အထားမဲ့များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)၊ ဘတ်ပန်းရောင်ကဒ်၊ အမည်စာရင်းတင်သွင်းခြင်း (Name List) စသည့် အ‌ထောက်အထားများ ပြုလုပ်ခွင့်ပေးထားသဖြင့် အလုပ်ရှင်သူဌေးများသည် အဆိုပါ တရားမဝင် လုပ်သား များကိုသာ ခေါ်ယူလုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “MOU လုပ်သားဈေးကွက် နည်းတယ်ဆိုတာက စီးပွားကျတာကတစ်ခု၊ နောက်တစ်ခု ထိုင်းမှာရှိတဲ့ အလုပ်သမားတွေကို ပန်းရောင်ကဒ်တို့ ဘာတို့လုပ်ပေးတာ သူတို့အခေါ် ဘတ်ကဒ်ပေါ့နော် အဲဒါတွေ လုပ်ပေးတော့ သူတို့အတွက် အလုပ်သမား လျင်မြန်စွာရရှိတယ်။ အချိန်စောင့်စရာမလိုဘူး MOU လို။ အဲဒါတွေက တစ်ခု၊ နောက်တစ်ခု အောက်လမ်းကနေ ဝင်တဲ့ကလေးတွေ အဲဒါတွေကလည်း ဟိုရောက်ပြီးရင် ဘတ်ကဒ်လုပ်ကြတယ်။ စမတ်ကဒ်တွေ လုပ်ကြတယ်။ အဲဒီလို လမ်းပေါင်းစုံ ပွင့်နေတဲ့အတွက် MOU က မျက်နှာပန်း မလှဘူးဖြစ်နေတာပေါ့။ အခုအချိန်အထိ ထိုင်းဘက်အခြမ်းက လွယ်လင့်တကူရတဲ့ အလုပ်သမားကို ခေါ်ယူသုံးစွဲနေတဲ့အတွက် MOU လုပ်ငန်းတွေက လျော့ကျလာတာ ဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိ၌ နှစ်သစ်ကူးကာလနီးကပ်လာပြီဖြစ်သောကြောင့်လည်း MOU လုပ်သားခေါ်ယူမှုမှာ ပို၍ နည်းပါးသွားခြင်းဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်းလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက သုံးသပ်သည်။

ကော့သောင်းမြို့မှတဆင့် MOU ဖြင့် သွားရောက်ကြသူများ

ထိုင်းဘက်အခြမ်း၌ အလုပ်ရှာဖွေပေးနေသည့်ပွဲစားများ၊ demand ရရှိရန် ဆောင်ရွက်ပေးနေသည့် ထိုင်း စက်ရုံ ပိုင်းမှ HR များ၊ အလုပ်သမားခေါင်းဆောင်များမှာလည်း ဝန်ဆောင်ခစရိတ် လိုချင်ကြသဖြင့် လက်ရှိ ထိုင်းနိုင်ငံ တွင် အလုပ်သမားဝန်ဆောင်ခစရိတ်မှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ၌ တရားမဝင်အထောက်အထားမဲ့များကို အထောက်အထားများပြုလုပ်ခွင့်ပေးထားသဖြင့် အမည်စာရင်း (Name List) တင်သွင်းရာတွင် အမြန်ကြေးအဖြစ် ဘတ်ငွေ တစ်သောင်း (မြန်မာငွေ ဆယ်သိန်း) အထိ ပေါက်ဈေး များရှိနေကြောင်းလည်း ထိုင်းတွင် အလုပ်လုပ်ကိုင်နေသူများထံက သိရသည်။

ထို့အပြင် MOU ဖြင့် လုပ်သားစေလွှတ်ရာ၌ ဆောက်လုပ်ရေးလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်လိုသူ အနည်းငယ်ရှားပါးလာသဖြင့် ခေါ်ယူမှု ခက်လာကာ စက်ရုံလုပ်သားအဖြစ် သွားရောက်လိုကြသူများပြားသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “အလုပ်ခေါ်စာ တွေကတော့ ပါးနေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အထဲထဲကို black နဲ့ ရောက်သွားတဲ့သူတွေက CI လုပ်တယ်၊ ဘတ်ရိုက်တယ် အဲဒါတွေနဲ့ပဲ ချာလည် လည်နေတော့ အထဲထဲမှာ လူရောက်နေသရွေ့ အေဂျင်စီတွေက လွတ် သွားတာပေါ့။ MOU နဲ့ တရားဝင် လွှတ်ဖို့အတွက်ကြတော့ demand က ထွက်မလာတော့ဘူးပေါ့။ ဟိုမှာက အလကားရနေတာ ဆိုတော့လေ။ ဘတ်ရိုက်တာတို့၊ CI လုပ်တာတို့ရှိနေတော့။ ဒီ CI တို့ဘာတို့ လုပ်တယ် ဆိုတာက ကိုယ့်ဆီက လူကြီးတွေပဲ လုပ်တာပဲလေ။ လူကြီးတွေ ဖွင့်ပေးလို့လုပ်လို့ရတာပေါ့။ ဘတ်လည်း အတူတူပေါ့။ နှစ်နိုင်ငံပူးပေါင်းပြီး သူတို့ လုပ်နေတယ်လို့ပဲ ထင်တာပေါ့။ သွားလိုအားကတော့ အရင်အတိုင်းပဲ များတယ်။ ဒါတောင် စာအုပ်အခက်အခဲတွေ ပတ်စပို့အခက်အခဲတွေရှိသေးတယ် ကလေးတွေက။ အခွန်ကတော့ တိတိပပရယ်လို့တော့ ညွှန်ကြားထားတာမရှိဘူး အဓိကသိတာကတော့ ၂၅ ရာခိုင်နှုန်း လွှဲပေးရမယ်ဆိုတာကိုပဲ အဓိကထား သိတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကုန်ကျစရိတ် ပိုမိုအကုန်အကျခံနိုင်ပါက အထောက်အထား စာရွက်စာတမ်းများအား မြန်ဆန်စွာ ရရှိနေသည့်အတွက် တရားမဝင်လမ်းကြောင်းများဖြင့် ဝင်ရောက်ခြင်း၊ အလည်ဗီဇာဖြင့် တရားဝင် သွားရောက်ပြီး overstay အဖြစ် ခံယူကြခြင်း စသည့်နည်းလမ်းများဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်နေကြခြင်းကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံတွင် ထိုင်းသို့ လုပ်သားစေလွှတ်ခွင့် လိုင်စင်ရထားသည့် အေဂျင်စီ ၁၅၀ နီးပါးရှိပြီး MOU လုပ်ငန်းစဉ် သည် နှစ်နိုင်ငံ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အချိန်ကာလအားဖြင့် ကြာမြင့် သည့်အတွက် တရားမဝင် သွားရောက်မှုများမှာ ယခုထက်ပိုမို ရှိလာနိုင်ဦးမည်ဖြစ်ကြောင်းလည်း သုံးသပ်ကြ သည်။