CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံသာမက ကမ္ဘာကျော်သည့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းပေါ်ရှိ ဦးပိန်တံတား ပျက်စီးမှုနှင့် ပတ်သက်ပြီး ပြင်ဆင်ရာတွင် အားနည်းချက်များ ရှိနေကြောင်း မန္တလေးဒေသခံများနှင့် ပညာရှင်တချို့က ထောက်ပြကြသည်။

ဦးပိန်တံတားသည် ခရစ်နှစ် ၁၈၄၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတား၏ သက်တမ်းမှာ နှစ်ပေါင်း ၁၇၅ နှစ်ခန့် ရှိပြီဖြစ်သည်။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်၍ အကြီးစား ပြုပြင်ထိန်းသိမ်းမှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့ရကြောင်း၊ ထို့နောက် ပြီးခဲ့သည့် သီတင်းကျွတ် ရုံးပိတ်ရက်က တံတားပေါ်ရှိ အခန်း ၂ ခန်းသည် လူစုပြုံ တက်ရောက်ခဲ့ခြင်းကြောင့် ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

ဦးပိန်တံတား ပြိုကျပျက်စီးမှုများကို ထိန်းသိမ်းရန်အတွက် တောင်သမန်အင်းအတွင်း၌ တစ်နှစ်ပတ်လုံး အင်းထဲသို့ ရေဝင်ရောက်မှု ဖြစ်ပေါ်စေသည့် အင်းလေလံစနစ်ကို ပယ်ဖျက်ရန် လိုအပ်ကြောင်း၊ တံတားကို ပြုပြင်ရာတွင် လည်း ရေရှည်အသုံးပြုနိုင်သည့် ကျွန်းသစ်များကို အသုံးပြုသင့်ကြောင်း၊ အခါကြီးရက်ကြီးများတွင် လူဦးရေ အကန့်အသတ်ဖြင့် တံတားပေါ်သို့ ဖြတ်သန်းခွင့်ပြုသည့်စနစ်ဖြင့် ထိန်းသိမ်းသင့်သည်ဟု မန္တလေးမြို့မှ စာရေး ဆရာ ဦးဆူးငှက်က CNI သတင်းဌာနသို့ ပြောသည်။

ဦးပိန်တံတားကိုတွေ့ရစဉ်

၎င်းက “တံတားပျက်ရင်တော့ ပြင်ရမှာပဲ။ ပြင်တဲ့အခါမှာ ရှေးတုန်းက ပုံစံတကျ ဆောက်ခဲ့တဲ့တံတား မဟုတ် တော့ ရှိတဲ့အသားနဲ့ ပြင်ရမှာပဲ။ သို့သော် ရှိတဲ့အသားသည် ရေရှည်ခိုင်ခံ့တဲ့ အသားဖြစ်ဖို့ လိုတာပေါ့။ သစ်သား ကောင်းကောင်းသုံးပါ။ ကျွန်းသစ်တွေဘာတွေ သုံးဖို့၊ သစ်မာအကောင်းစားထဲက ဒီလိုဟာတွေ သုံးရမှာပဲ။ ရှေးဟောင်းပုံစံအတိုင်း ရဖို့တော့ အဆင်မပြေဘူး။ အဲဒါတော့ မဖြစ်နိုင်ဘူး။ အဲဒီတော့ ဘာလုပ်ရမလဲဆိုတော့ ၁၂ ရာသီ ရေသွင်းတဲ့စနစ်ကို ရေသွင်းပြီးတော့ ငါးမွေးပြီးတော့ စီးပွားရေးလုပ်တယ်၊ အင်းလေလံဆွဲတဲ့စနစ်ကို ဖျက် ပစ်ရမယ်။ ရေတက်တဲ့အချိန်မှသာ ရေတက်ပါစေ၊ ရေဆုတ်သွားလို့ရှိရင် ရေဆုတ်သွားပါလိမ့်မယ်။ အဲဒီမှာ တံတားသည် ရေအမြဲတမ်း မရှိတဲ့အတွက် မပျက်ပါဘူး။ နောက်တစ်ခါ အခါကြီးရက်ကြီးလို နေ့တွေမှာ ဒီအပေါ် မှာ လူတွေ ထောင်ချီပြီးတော့ တက်ကြတဲ့ကိစ္စ။ နောက် တချို့ရှိသေးတယ်၊ သင်္ကြန်လို ကာလမျိုးမှာ တက်တဲ့ အပြင် ဘာလုပ်လဲဆိုရင် မူးရူးနေကြပြီးတော့ ဖောင်ချောင်းလို နေရာမျိုးမှာ ပျဉ်ချပ်တွေ ခင်းထားတဲ့နေရာက အဲဒီနေရာက အားနည်းတယ်။ ဒီလိုနေရာ ရောက်တယ်ဆိုရင် ယောကျာ်းလေးတွေက မိန်းကလေးတွေကို စတဲ့ အနေနဲ့ ခုန်ကြတယ်။ အဲဒီမှာ ကျိုးကျတယ် ၂၀၀၄ ခုနှစ်တုန်းက။ အဲဒီတော့ ဒီဟာတွေလည်း ထိန်းသိမ်းရမယ်။ လူအသွားအလာကို ကန့်သတ်ရမယ် အခါကြီးရက်ကြီးဆို၊ ကျန်တဲ့ရက်တွေက အဲဒီလောက် မရှိဘူး” ဟု ပြော သည်။

ပြီးခဲ့သည့် သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ဦးပိန်တံတား၏ အစိတ်အပိုင်း တချို့ကို ပြုပြင်ရာ၌ သက်တမ်းနု သစ်မာသားများဖြင့် အစားထိုး ပြုပြင်ခဲ့ခြင်းကြောင့် ဒေသခံများနှင့် နိုင်ငံ တစ်ဝှမ်းရှိ ပြည်သူများက ဝေဖန်ခဲ့ကြသည်ကို တွေ့ရှိရသည်။

သို့သော်လည်း ဦးပိန်တံတားသည် တခြားသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် မတူဘဲ အမရပူရမြို့ နယ်ရှိ ဒေသခံများ သွားလာရေးအတွက် လက်ရှိ အသုံးပြုနေသည့် ရှေးဟောင်းအမွေအနှစ် ဖြစ်သည့်အတွက် ပြုပြင်ရာတွင် အားနည်းချက်များ ရှိနေသည်။

ထို့ကြောင့် အများပြည်သူများအနေဖြင့် တာဝန်သိစွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးပိန်တံတားကိုတွေ့ရစဉ်

၎င်းက “အခုလည်းပဲ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ဦးပိန်တံတား ထိန်းသိမ်းရေး ကော်မတီဆိုတာ ရှိပါတယ်ဗျ။ အဲဒီကော်မတီနဲ့ သူ့ရဲ့ အပိုင်းလိုက်၊ အပိုင်းလိုက်တွေကို ကြံ့ခိုင်မှု အားနည်းတာ တွေကို စိစစ်ပြီးတော့မှ ထိန်းသိမ်းမှု လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ကျနော်တို့ ပြုပြင်ထိန်းသိမ်းတဲ့ အပိုင်းမှာတော့ ကျွန်းသစ်နဲ့ အသုံးပြုတာပါ။ ကျွန်းသစ်ကို အသုံးပြုတဲ့ နေရာမှာတော့ တချို့ တန်းတွေက ခံနိုင် ရည် ရှိပါသေးတယ်။ သို့သော်လည်းပဲ ခံနိုင်ရည်ရှိတယ်ဆိုပေမယ့်လည်း မထင်မှတ်ဘဲ အဲဒီနေရာမှာ လူပြုံပြီးတော့ မှ ရပ်မိသွားတဲ့ အချိန်အခါမျိုးကျတော့လည်း ပြိုကျပျက်စီးသွားတာ ဖြစ်သွားတာပေါ့။ ဦးပိန်တံတားဆိုတာက လည်း နိုင်ငံကျော်တင် မဟုတ်ပါဘူး ကမ္ဘာကျော်သွားပါပြီ။ ဒါက ရှေးဟောင်းအမွေအနှစ် တစ်ခုပါပဲဗျာ။ အဲဒီ အတွက်ကြောင့်လည်း ကျနော်တို့ တာဝန်ရှိသူများ အားလုံးပေါ့နော် ဝိုင်းဝန်းထိန်းသိမ်း နေကြပါတယ်။ ဒါပေမယ့် အားနည်းချက်က ဘာလဲဆိုတော့ မထိရ၊ မကိုင်ရ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် မဟုတ်ဘဲနဲ့ လက်ရှိအသုံး ပြုနေတဲ့ ရှေးဟောင်းအမွေအနှစ် ဖြစ်တဲ့အတွက်ကြောင့် ထိန်းသိမ်းတဲ့နေရာမှာ အားလုံး တာဝန်သိသိနဲ့ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှပဲ ရမှာပါခင်ဗျ” ဟု ပြောသည်။

ဦးပိန်တံတား ပျက်စီးမှုကို ထိန်းသိမ်းသည့် အနေဖြင့် လူဦးရေ အကန့်အသတ်ဖြင့် ဖြတ်သန်းစေခြင်းသည် လုပ်ဆောင်ရန် မလွယ်ကူကြောင်း၊ ဦးပိန်တံတား ရေရည်ပြုပြင် ထိန်းသိမ်ရန်အတွက် မန္တလေးတိုင်း အစိုးရအဖွဲ့မှ ဦးပိန်တံတား ထိန်းသိမ်ရေး ကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။

ထိုကော်မတီမှ ဦးပိန်တံတား၏ ကြံ့ခိုင်မှုများကို စစ်ဆေးပြီး ဆက်လက် ပြင်ဆင်သွားမည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။