CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ် ကုန်သွယ်ရေးဂိတ်တွင် မြန်မာကုန်တင်တွဲကားများ တရုတ်နိုင်ငံအတွင်းသို့ ကိုယ်တိုင်မောင်းနှင်၍ ဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကန်ပိုက်တီမှ ကုန်ကားသမားများထံမှ သိရသည်။

ကိုဗစ် - ၁၉ ကူးစက်ရောဂါ ထိန်းချုပ်သည့် အနေဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်တင်ကား မောင်းနှင် သူများအနေဖြင့် တရုတ်နိုင်ငံသို့ တိုက်ရိုက် ဝင်ရောက်ခွင့်မပြုဘဲ တရုတ် အစားထိုး ယာဉ်မောင်းစနစ်ဖြင့် လုပ်ဆောင်နေရကြောင်း၊ လက်ရှိတွင် ယင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီး မြန်မာယာဉ်မောင်းများ ကိုယ်တိုင် မောင်းနှင် ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မောင်းနှင်ခွင့် ပြုလိုက်သည့်အတွက် ကုန်တင်ကား ပျက်စီးမှု နည်းပါးသွားမည် ဖြစ်သည့်အပြင် မြန်မာ ယာဉ်မောင်းများအတွက် မောင်းနှင်ကြေးများ တိုးမြှင့်လာမည် ဖြစ်သည်ဟု ကန်ပိုက်တီမှ ကုန်ကားပိုင်ရှင် တစ်ဦးဖြစ်သည့် ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကုန်တင်ကားများကိုတွေ့ရစဉ်

၎င်းက “အခု လောလောဆယ်ကတော့ လက်ရှိ အဲဒီလို ဝင်သွားပြီဆိုရင်တော့ တစ်ခုကောင်းတာက ကျနော်တို့ ကားအပျက်အစီးတို့၊ အတိုက်အခိုက်တို့၊ ကားလဲတာတို့ မဖြစ်တော့ဘူးလေနော်။ ပြုပြင်စရိတ် သက်သာသွားမှာ ပေါ့။ အဲလိုမျိုး အပျက်အစီး နည်းသွားမှာလေ။ ကိုယ်တိုင်ဝင်၊ ကိုယ်တိုင်ထွက်ဆိုတော့ အပျက်အစီး နည်းမယ်။ အန္တရာယ်လည်း ကင်းတယ်။ သူတို့ အထဲဝင်သွားပြီဆိုရင် မြန်မာကားသမားတွေက ဘယ်လောက် ရမလဲဆိုရင် ၃ သိန်းတော့ ရမှာပေါ့ မောင်းကြေး။ ဒီအပြင်မှာဆိုရင် ၂ သိန်းပေါ့။ အထဲ ပို့လိုက်ရင် ၃ သိန်းပေါ့။ ၁ သိန်း ပြန်ပိုလာ မှာပေါ့ သူတို့အတွက် ထပ်တိုးလာမှာလေ” ဟု ပြောသည်။

အစားထိုး ယာဉ်မောင်းစနစ်ဖြင့် လုပ်ဆောင်သည့် အချိန်တွင် တရုတ်အစားထိုး ယာဉ်မောင်းများသည် ကုန်တင်ကားများ မောင်းနှင်မှု မကျွမ်းကျင်ခြင်း၊ ကြမ်းတမ်းစွာ မောင်းနှင်ခြင်းများကြောင့် ကုန်ကားပျက်စီးမှုများနှင့် တိမ်းမှောက်မှုများ ဖြစ်ပေါ်သည့်အတွက် မြန်မာကုန်တင်ယာဉ်ပိုင်ရှင်များမှာ နစ်နာခဲ့ရသည်ဟု သိရသည်။

ထိုသို့ ကုန်တင်ယာဉ်များ ပျက်စီးရာတွင်လည်း တရုတ်နိုင်ငံဘက်မှ ပေးဆောင်သည့် လျော်ကြေးငွေသည် အနည်းငယ်သာရှိပြီး ကုန်တင်ယာဉ် ပိုင်ရှင်များက ငွေကြေးစိုက်၍ ပြုပြင်ကြရသည်ဟု ယာဉ်ပိုင်ရှင်များက ပြောသည်။

ထို့အပြင် မြန်မာယာဉ်မောင်းများ ကိုယ်တိုင် မောင်းနှင်ခွင့် ရမည်ဆိုပါက ကုန်တင်ကုန်ချ ပြုလုပ်မှုရာတွင် ယခင် ကထက် မြန်ဆန်လာမည် ဖြစ်သည်ဟု ကုန်ကားသမား ကိုသော်တာအောင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ဘက်ခြမ်းမှာ ရောက်နေတဲ့ ကုန်တင်ကားများကို တွေ့ရစဉ်

၎င်းက “ကိုယ့်ဟာကိုယ် မောင်းရတယ်ဆိုရင်တော့ ပိုပြီးတော့ အရင်ကထက်တော့ မြန်သွားမယ်လို့တော့ ထင်ပါ တယ်။ ကိုယ့်ဟာကိုယ် မောင်းတယ်၊ ကိုယ့်ဟာကိုယ် ကုန်သွားချရမယ်ဆိုရင်တော့။ ရှန်တိန်နဲ့ကျတော့ သူတို့က အထဲထဲမှာကျတော့ သူတို့က စီနီယာအတိုင်း ချတာတို့ ဘာတို့၊ တချို့ကျတော့လည်း ကျော်ချတာတို့ ဘာတို့ အထဲမှာ ရှိတာပေါ့ဗျာ။ ဥပမာ ငှက်ပျောခြံကတော့ သူ့ကားကို ခြံက လောပန်းက ပိုက်ဆံပေးပြီး အရင်ချခိုင်း တာတို့ အဲလိုမျိုး ရှိတာပေါ့ ရှန်တိန်နဲ့ကျတော့။ ကိုယ်ကိုယ်တိုင် ဝင်တာကျတော့ ကိုယ့်ကားနဲ့ကိုယ် စီနီယာ အတိုင်း ချတာချပေါ့။ ခြင်းတွဲတွေကတော့ ဝင်တဲ့ကား ဝင်နေကြတာပဲ။ ဒါပေမယ့် အစီးရေကတော့ အများကြီး တော့ မဟုတ်ဘူးပေါ့ဗျာ အလွန်ဆုံး ရှိရင်တော့ ၂၀၀ လောက်တော့ ရှိမှာပေါ့” ဟု ပြောသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော၊ ဆန်၊ ပြောင်းနှင့် ဖရဲသီးတို့ကို အဓိက တင်ပို့လျက်ရှိနေပြီး တရုတ်နိုင်ငံမှ အိမ်ဆောက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်များကို ပြန်လည် တင်သွင်းလျက်ရှိကြောင်း သိရသည်။