CNI International News

ကိုလံဘို၊ ဇွန်လ ၁၃

စီးပွားရေးအကျပ်အတည်းဆိုက်ရောက်နေသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် လောင်စာဆီ အသည်းအသန်လိုက်လံရှာဖွေနေရချိန်၌ ရုရှားထံမှ ရေနံဝယ်ယူရန် အလားအလာကောင်းနေပြီး တံခါးဖွင့်မည် ဖြစ်ကြောင်း အသစ်ခန့်အပ်ခံရသော ဝန်ကြီးချုပ်က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

လောင်စာဆီအတွက် အခြားရင်းမြစ်များကို ဦးစွာကြည့်ရှုမည်ဖြစ်သော်လည်း မော်စကိုထံမှ ရေနံစိမ်းများ ပိုမို ဝယ်ယူနိုင်ရန် လမ်းဖွင့်ထားကြောင်း ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်က ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စုနိုင်ငံများက အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက် ရုရှားထံမှ စွမ်းအင် တင်သွင်းခြင်းကို ဖြတ်တောက်ခဲ့သည်။

ဇွန်လ ၁၁ ရက်က ပြုလုပ်သည့် အေပီသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ရာနေးလ်ဝစ်ကရီမီဆင်က “မိမိ နိုင်ငံတွင် ကြွေးမြီထူပြောနေသော်လည်း တရုတ်ထံမှ ငွေကြေးအကူအညီ ပိုမိုလက်ခံဖို့လည်း ဆန္ဒရှိနေကြောင်း” ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ရေနံဆီဝယ်ရရှိရန်မျှော်လင့်ချက်ဖြင့် လောင်စာဆီဆိုင်တစ်ဆိုင်တွင် ပြည်သူများ တန်းစီစောင့်ဆိုင်းနေစဉ်(ဓါတ်ပုံ-အေပီ)

သီရိလင်္ကာ၏လက်ရှိအကျပ်အတည်းသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခြင်းဖြစ်သည်ဟု ၎င်းက ဝန်ခံခဲ့သော်လည်း ယူကရိန်းစစ် ပိုမိုပြင်းထန်နေသည့်အလျောက် စားနပ်ရိက္ခာအခက်အခဲမှာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေနိုင်ကြောင်း မှတ်ချက်ချခဲ့သည်။

ရုရှားသည် သီရိလင်္ကာထံသို့ ဂျုံတင်ပို့ရေးလည်း ကမ်းလှမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သီရိလင်္ကာ၏ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် ဝစ်ကရီမီဆင်သည် မြို့တော်ကိုလံဘိုရှိ ၎င်း၏ရုံးခန်းတွင် အေပီ သတင်းဌာနနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံ၏ ၆ ကြိမ်မြောက် ဝန်ကြီးချုပ်တာဝန်ယူပြီးနောက် တစ်လအကြာတွင် ယင်း ကဲ့သို့ သတင်းဌာနတစ်ခုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ နိုင်ငံခြားအရန်ငွေကြေး ကင်းစင်လုနီးဖြစ်နေသည့် စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာက ဝစ်ကရီမီဆင်ကို ဝန်ကြီးချုပ်အဖြစ် အသစ်ခန့်အပ်ခဲ့ခြင်းဖြင့် မကျေမနပ် ဖြစ်နေသော လူထုဒေါသကို ထိန်းသိမ်းခဲ့သည်။

သီရိလင်္ကာသည် နိုင်ငံခြားကြွေးမြီ ၅၁ ဘီလီယံရှိပြီး ယခုနှစ်အတွက် အကျေပေးချေရမည့် ဒေါ်လာ ၇ ဘီလီယံကို ပြန်မဆပ်နိုင်သေးဘဲ ဒေဝါလီခံခဲ့ရသည်။ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များကို ဝယ်ယူတင်သွင်းရန် နိုင်ငံခြားငွေ မရှိတော့သဖြင့် အစားအစာ၊ လောင်စာဆီ၊ ဆေးဝါးမှသည် အိမ်သာသုံးစက္ကူနှင့်မီးခြစ်အထိ ပြတ်လပ် သွားခဲ့ရသည်။ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပြီး ပြည်သူများမှာ မီးဖိုချောင်သုံးဓါတ်ငွေ့နှင့် ဓာတ်ဆီရဖို့ ရက်အတန်ကြာ တန်းစီးစောင့်ဆိုင်းခဲ့ရသည်။

Source: AP