CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ငွေကြေး လည်ပတ်မှုများ နှောင့်နှေးသွားခဲ့သည့်အတွက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်ယူရဦးမည်ဟု စီးပွားရေး ပညာရှင်များထံမှ သိရသည်။
လက်ရှိတွင် ငွေသားသုံစွဲမှုအစား အွန်လိုင်း ငွေပေးချေမှုစနစ်ကို အသုံးပြုလာမှု များပြားလာကြောင်း၊ ဘဏ်တွင် ငွေအပ်နှံ မည့်အစား အိမ်ခြံမြေ ဝယ်ယူမှုနှင့် ရွှေဝယ်ယူမှုများအပေါ် ပိုမိုပြုလုပ်လာကြကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန်ဆိုတာ ဘာမှမဖြစ်ခင် ပုံစံမျိုးတော့ မရောက်သေးဘူး။ ရောက်ဖို့လည်း တော်တော် အချိန်ယူရဦးမယ်။ ဒါပေမယ့် နည်းနည်းတော့ Improve ဖြစ်လာတာပေါ့။ ဟိုတခါ သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောတယ်လေ။ ဘဏ်တွေက လုံးလုံးကို ပြိုကျတော့မယ့် အခြေအနေ ရောက်ခဲ့တယ်။ အဲအခြေအနေကိုတော့ ကျော်လာပြီပေါ့။ ဒါပေမယ့် စိတ်တော့ မချရသေးဘူး။ ငွေသားချည်းတော့ မလွယ်ဘူး။ ငွေပေး၊ ငွေချေကိစ္စ အွန်လိုင်းတွေကတော့ တော်တော်များများ သုံးလာကြပြီဆိုတော့ ငွေပေး ငွေချေကိစ္စကတော့ နည်းနည်း အဆင်ပြေပါပြီ။ ဒါပေမယ့် ငွေသားနဲ့ အများကြီးပေးဖို့ ချေဖို့ကျတော့ နည်းနည်း ခက်တာပေါ့ နော်။ အထူးသဖြင့် အခုဟာက ဘယ်ကို သွားလဲဆိုတော့ ရွှေတို့၊ အိမ်ခြံမြေတို့ သွားတယ်” ဟု ပြောသည်။
ဘဏ်တွင် ငွေများကို အကန့်အသတ်မရှိ ထုတ်ယူ၍ မရခြင်းကြောင့် ငွေစုဆောင်းသည့် သဘောဖြင့် သွားရောက် အပ်နှံခြင်း များ မပြုလုပ်တော့ဘဲ ငွေလွှဲခြင်းနှင့် ငွေလက်ခံခြင်းများကိုသာ လုပ်ဆောင်လာကြကြောင်း သိရသည်။
ဘဏ်တစ်ခုအတွင်းက ငွေကြေးလည်ပတ်မှုအခြေအနေ
ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက “စီးပွားရေး လုပ်ငန်း လုပ်နေတယ်။ ငွေ အဝင်အထွက်က အမြဲတမ်း ရှိနေတယ်။ အဲလိုမျိုးကျတော့ အကောင့်ဖွင့်ထားပြီး ကိုယ့်အကောင့်ထဲ ငွေသားထည့် သူ့ရဲ့ လုပ်ငန်း ကြီးရင် ကြီးသလိုပေါ့။ တချို့ကျတော့လည်း ဆယ်ကဏန်း၊ တချို့ကျတော့လည်း ရာကဏန်းလောက် ရှိမယ်ပေါ့။ တချို့ကျတော့လည်း ထောင် ကဏန်းလောက် ရှိမယ်ပေါ့လေ။ ဒါပေမယ့် ဒီငွေတွေက အမြဲတမ်း အသေရှိနေမှာ မဟုတ်ဘူး။ သူများကို လွှဲလိုက် ပြန်ဝင် လာလိုက် စသဖြင့်ပေါ့လေ။ ငွေချေဖို့ ထားတဲ့ပုံစံမျိုး အဲအကောင့်တွေတော့ ရှိတာပေါ့။ စာရင်းတွေကနေပြီး အပ်ငွေတွေ၊ စုငွေတွေ မလုပ်ကြတော့ဘူး။ မလုပ်တော့ဘူးဆိုတာက ပြီးခဲ့တဲ့ တစ်ခေါက်က သူတို့ မှတ်သွားပြီ။ ကိုယ့်ပိုက်ဆံကို လုံးဝ ထုတ်ခွင့် မရှိဘူး။ ထုတ်မယ်ဆိုရင်လည်း တစ်ပတ်ကို ဘယ်နှသိန်းပဲ ရမယ်။ ရမယ့် ကိစ္စကလည်း ကြိုတင်ပြီး ဘိုကင် လုပ်ရ သေးတယ်။ ဘိုကင်လုပ်ဖို့ ဆက်ရမယ့် ဖုန်းကလည်း တစ်နေကုန် မအားဘူး။ အဲကိစ္စတွေ ပြီးကတည်းက လူတွေက စုငွေတွေ အပ်ဖို့ကိစ္စကို မလုပ်ကြတော့ဘူး။ ဘဏ်တွေအပေါ် ယုံကြည်မှုကတော့ မရှိတော့ဘူး။ အတော့်ကို အားနည်းသွားပြီ။ ဘဏ်မှာ အပ်ဖို့ မရှိကြတော့ဘူး။ ငွေလွှဲတဲ့ ကိစ္စတွေ၊ ငွေပို့ရမယ့် ကိစ္စ၊ ငွေလက်ခံယူတာ ဒီလောက်ပဲ ရှိတော့တယ်။ အဲဒါပဲ လုပ်နေကြ တာ” ဟု ပြောသည်။
လက်ရှိတွင် ဘဏ်တချို့က ATM စက်များမှာ ငွေသားများ ထုတ်ယူ၍ရပြီဟု ထုတ်ပြန်ထားသော်လည်း ပမာဏ အနည်းငယ် သာ ထုတ်ယူ၍ရကြောင်း၊ ရန်ကုန်မြို့ နေရာတချို့နှင့် တခြားသော မြို့များ၌ ထုတ်ယူ၍မရသေးကြောင်း သိရသည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းတစ်ခု
သို့သော်လည်း ယခင်က ဘဏ်များတွင် ငွေထုတ်ယူရန်အတွက် ကြိုတင်ဘိုကင် လုပ်ရခြင်းကြောင်း အလွယ်တကူ ထုတ်ယူ၍ မရသော်လည်း လက်ရှိတွင် တစ်ပတ်ကို သုံးသိန်းနှုန်းဖြင့် ဘိုကင် တင်စရာမလိုဘဲ ထုတ်ယူ၍ ရနေပြီဖြစ်ကြောင်း ဦးနေဝင်းစိုးက ဆက်ပြောသည်။
လက်ရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်နေသူများနှင့် ကုန်သည်တချို့သည် ငွေအကန့်အသက်ဖြင့် ထုတ်ယူနေရခြင်း ကြောင့် လုပ်ငန်းများ ကြန့်ကြာနေကြောင်း၊ ထို့ကြောင့် ဘဏ်တွင် ငွေအပ်နှံခြင်း မပြုလုပ်တော့ကြောင်း ကုန်သည် ဦး အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ပိုက်ဆံ ဘဏ်ကို မသွားဘူး။ ကျနော်တို့ တိုက်ရိုက် မသွင်းပါဘူး။ ကျနော်တို့ ပို့ကုန်ရငွေကို ဟိုဘက်ကနေ ဒေါ်လာ ဝင်လာတယ်။ အဲဒေါ်လာကို ပိုက်ဆံရှိတဲ့သူ သူ့ဆီမှာ ရာခိုင်နှုန်းနဲ့ ကျနော်တို့ လဲတာမျိုးပါ။ ကျနော်တို့လည်း တတ်နိုင်ရင်တော့ ဘဏ်သွားမှာပါ။ လောလောဆယ်တော့ ကျနော်တို့ အရင်းအနှီး နည်းနေသေးလို့ ကျနော်တို့ကတော့ ပိုက်ဆံလိုလို အဲလိုပဲ ရောင်းလိုက်တာပေါ့” ဟု ပြောသည်။
ဘဏ်များအပေါ် ပြည်သူများ၏ ယုံကြည်မှုသည် အလွန်နည်းပါး နေကြောင်း၊ ဘဏ်များအပေါ် ယုံကြည်မှု ပြန်လည်ရရှိရန် ဘဏ်လုပ်ငန်းရှင်များကလည်း လုပ်ဆောင်သင့်ကြောင်း၊ ထို့အတွက် ဗဟိုဘဏ်အနေဖြင့်လည်း အာမခံချက် တစ်စုံတရာ ပေးအပ်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များက ပြောသည်။