CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၁

ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကိစ္စရပ်များ လုပ်ဆောင်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို လက်မခံကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနကို ပြောသည်။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခကြောင့် ပြည်သူများ အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း၊ တိုက်ပွဲကြားတွင် ပြည်သူလူထုမှာ ကြားညှပ်နေရကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “အဓိက လူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးဆိုတာက အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းက လူထုတွေ တော်တော်လေးကို အကျပ်အတည်း ဖြစ်သွားတယ်။ တစ်ဖက်နဲ့ တစ်ဖက်က နိုင်ငံရေး အယူ အဆအရ တိုက်ခိုက်နေကြပေမယ့်လို့ တကယ်တမ်း ကြားညှပ်ခံနေရတာ ပြည်သူလူထု ဖြစ်နေတယ်ဗျ။ အခုလက်ရှိ PDF နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေလို့ စစ်ကိုင်းတိုင်းထဲမှာ နေရာ တော်တော်များများမှာပေါ့လေ၊ ဟိုကလည်း ပစ်လိုက်၊ ဒီက လည်း ပစ်လိုက်ဆိုတော့ သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေးကအစ ခက်ခဲကုန်ကြတာ ရှိတယ်။ အဲဒီဖြစ်ရပ်မျိုးတွေက ကျနော်တို့ ရှမ်းနီဒေသမှာ ကူးစက်လာမှာကို ကျနော်တို့ စိုးရိမ်တယ်၊ မကူးစက် စေချင်ဘူးပေါ့ဗျာ။ ကိုယ့်ဒေသမှာ ရှိတဲ့ ပြည်သူလူထုတွေကို အေးအေးချမ်းချမ်း၊ အေးအေးဆေးဆေး နေထိုင်ပြီးတော့မှ လုပ်ကိုင် စားသောက်စေချင်တယ်၊ အဲဒီတော့ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် လူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ အနေနဲ့ မလိုလားဘူး” ဟု ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် နမ့်တောကျေးရွာ အတွင်းရှိ ဈေးဆိုင်များ၊ လုပ်ငန်း ရှင်များကို ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း ပြောဆိုမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ကောက်ခံခြင်း မရှိတော့ကြောင်း နမ့်တော ဒေသခံတစ်ဦးဖြစ်သူ စိုင်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။

စိုင်းခမ်းက “ မကောက်ဘူးနော် အခုက၊ ဘာအတွက်လည်း မသိဘူး၊ တိတ်သွားပြီ အဲဒါ၊ ဈေးတွေကတော့ သတ်မှတ်ထား တယ်ဗျ၊ ကွမ်းယာခုံက ဘယ်လောက်၊ ဝပ်လျှော့က ဘယ်လောက် အဲဒီလိုမျိုးတွေ၊ အကုန်ပဲလို့ပြောတယ်၊ နမ့်တောမှာက တွင်ခုံတွေရော၊ ရွှေဆိုင်တွေရော အကုန်ပဲလို့ပြောတာ၊ အစတော့ ကောက်တော့ မလိုလိုနဲ့ အခုနောက်ပိုင်းကြတော့ မကောက် တော့ဘူးလို့ ပြောတယ်လေ ”ဟု ပြောသည်။

ဟုမ္မလင်းမြို့ပေါ်က လုံခြုံရေးတပ်ဖွဲ့၀င်များကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် အများပြည်သူကို မထိခိုက်ရန် လိုအပ်ကြောင်း စိုင်းအောင်မိန်းက ပြောသည်။

၎င်းက “လက်နက်ကိုင် တပ်ဖွဲ့တွေက နှစ်ဖက်တိုက်ကြ ခိုက်ကြတဲ့အခါမှာ ကလေးငယ်တွေရယ်၊ အမျိုးသမီးတွေရယ်၊ နောက် ရဟန်း၊ သံဃာတွေကို တိုက်ခိုက်ခြင်း မပြုစေချင်ဘူးဗျ၊ ပြီးတော့ လူအများစုရှိတဲ့ နေရာ၊ ဒေသတွေပေါ့ဗျာ၊ ဥပမာ အားဖြင့် ဈေးတို့လို၊ စာသင်ကျောင်းတို့၊ ဆေးရုံတို့ နောက် သာသနိက အဆောက်အအုံတို့ အဲဒီလို နေရာမျိုးမှာတော့ တိုက် ခိုက်မှုတွေ မလုပ်စေချင်ဘူး။ ဖြစ်နိုင်လို့ရှိရင်တော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နိုင်ငံရေး အတွေးအခေါ် မတူညီတဲ့အပေါ်မှာ မူတည်ပြီး တော့မှ တိုက်ကြခိုက်ကြမယ် ဆိုလို့ရှိရင်လည်းပဲ လူထုကို ဒုက္ခမရောက်စေတဲ့ အပိုင်းနဲ့ သူတို့ တိုက်ကြရင် ကောင်းပါတယ်။ တစ်ခုရှိတာတော့ တိုက်ပွဲ ဖြစ်စေချင်လို့ ပြောတာ မဟုတ်ဘူး။ ကျနော်ပြောတာက ဘာလို့လဲဆိုရင် အကောင်းဆုံး နည်းလမ်း ကတော့ ဖြစ်နိုင်လို့ရှိရင်တော့ နိုင်ငံရေး ပြဿနာဖြစ်နေတဲ့ အခါကြတော့ နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာသင့်တယ်လို့ ကျနော်တို့ အနေနဲ့ မြင်ပါတယ်။ ဘာလဲဆိုလို့ရှိရင် ဒီတိုက်ပွဲကြီးတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့တိုက်နေခိုက်နေ၊ သတ်နေဖြတ်နေ ကြရုံနဲ့ ပြီး သွားမှာ မဟုတ်ဘူးဗျ၊ ဒါကြီးက ဘယ်လိုမှ အဆုံးသတ်လို့ ရနိုင်မှာ မဟုတ်ဘူး။ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းက ပိုပြီး ကောင်းမယ် ထင်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်တို့ တွင် လှုပ်ရှားလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။