CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ် တစ်ရပ်ကို ပြည်သူနှင့်အတူ လက်တွဲ၍ အမြန် ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် နစကဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ယနေ့ (ဇွန်လ ၃ ရက်) ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောသွား ခဲ့သည်။

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မူပိုင်ခွင့်ဥပဒေများတွင် ဖော်ပြထား  ကြောင်း၊ ဗဟိုကော်မတီ အနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်မည့် မူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များကို လမ်းညွှန်ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီက ချမှတ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်မည့် အမိန့် ကြော် ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရန် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီကို အမြန်ဆုံး ဖွဲ့စည်းဆောင် ရွက်ရမည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။

၎င်းက “ယခု ဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီတွင် ပါဝင်သော တာဝန်ခံ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန် ကြီးဌာန၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ပါဝင် ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများတွင် ဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများ၊ တီထွင် ဆန်း သစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ် တစ်ရပ်ကို အစိုးရနှင့်ပြည်သူ အတူလက်တွဲ၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြ”ဟု ပြောသည်။

ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် ရက်စွဲဖြင့် ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှု ဒီဇိုင်းမှုပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း သိရသည်။

အလားတူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင် ခွင့် ဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး မူပိုင်ခွင့် ချိုးဖောက်မှုအပေါ် အကောက်ခွန်ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စသည့် ဌာနများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင် ရွက် သွားကြရမည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။