CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၃

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာအလုပ်သမားများ စေလွှတ်ရန် တင်ပြထားသည့် အေဂျင်စီ ၉ ခုအား စမတ်ကဒ်(smart card) ပြုလုပ်နိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက “မလေးရှားနဲ့ပတ်သက်ပြီး ကျနော်တို့ကို အေဂျင်စီ ၉ ခုက တင်ပြထားတာပေါ့။ ကျား ၄၄၀၊ မ ၂၇၃ ဦး အားလုံးပေါင်း ၇၁၃ ဦးပေါ့နော်။ အေဂျင်စီကနေ ကျနော်တို့ဆီက ခွင့်ပြုမိန့်ရပြီဆိုရင် စမတ်ကဒ်လုပ်တာပေါ့နော်။ စမတ်ကဒ်ခွင့်ပြုခွင့် ကျနော်တို့ ပေးလိုက်ပြီပေါ့။ ဒါကို ကျနော်တို့ဆီကို စေလွှတ်ဖို့ တင်ပြတယ်။ တင်ပြထားတဲ့ အချက်အလက်တွေအားလုံးကို စိစစ်ပြီးတာနဲ့ ကျနော်တို့က စမတ်ကဒ်ဆိုတာက ပြည်ပလုပ်ငန်းသက်သေခံကဒ်ပြားပေါ့နော်၊ သူတို့ကို ပြုလုပ်ခွင့်ပေးလိုက်တယ်။ ပြုလုပ်ပြီးတာနဲ့ ထွက်ခွာဖို့ အတွက်ကို သူတို့ အေဂျင်စီတွေအစီအစဉ်နဲ့ ဆက်ပြီးတော့ လုပ်တာပေါ့နော်။ လေကြောင်းလိုင်းတွေ ဘာတွေနဲ့” ဟု ပြောသည်။

မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်ခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ကိုဗစ်ကြောင့် ရပ်နားထားခြင်း ဖြစ်ပြီး ယခုနှစ်မှ ပြန်လည်စေလွှတ်ရန် စတင်ခြင်းဖြစ်သည်။

ယခုအခါ မလေးရှားအစိုးရမှ တရားမဝင် အထောက်ထားမဲ့ အလုပ်သမားများအား ယခု ဇွန်လကုန်အတွင်း နေရပ်အပြီး ပြန်ခိုင်းနေမှုများရှိခြင်းကြောင့် မလေးရှားနိုင်ငံတွင် ယခုလက်ရှိ၌ အလုပ်သမားလိုအပ်မှု များပြား နေကြောင်း မြန်မာလူမှုကူညီရေးအသင်း မလေးရှားမှ ဥက္ကဋ္ဌ ဦးစန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ ကြားသိသလောက်ဆိုလို့ရှိရင် မြန်မာသံရုံးရဲ့ခေါ်စာပေါ့ demand ကျပြီးသားသူတွေ covid-19 မတိုင်ခင်က ကျပြီးသားသူတွေကို ပထမဦးဆုံးခေါ်မယ်ပေါ့လေ။ နောက်ပိုင်းမှ အသစ်တင်တဲ့ မလေးရှား immigration က ခေါ်စာကျတဲ့သူတွေကို ခေါ်ခွင့်ရမယ်လို့ကြားပါတယ်။ ပထမအသုတ်အနေနဲ့ကတော့ covid-19 မတိုင်ခင်က demand ကျထားတဲ့သူတွေကို အရင်စခေါ်ပါမယ်။ ကျနော်တို့အမြင်နဲ့တော့ တရားဝင်ပဲ လာစေချင် ပါတယ်။တခါတလေကျတော့ မလေးရှားနိုင်ငံမှာ သေရေးလည်းခက် နေရေးလည်းခက်တဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ သေသွားတာတောင် တရားဝင်အလုပ်သမားမဟုတ်လို့ရှိရင် ဌာနဆိုင်ရာတွေရဲ့ ငွေကြေး တောင်းခံတာလည်း ကြုံရတဲ့အပြင် ကျန်းမာရေးဖြစ်လို့ရှိရင်လည်း ဆေးရုံ၊ ဆေးခန်းသွားရင် ဆိုပါစို့ လက်တွေ ပြတ်၊ ခြေထောက်တွေပြတ်၊ ခေါင်းတွေကွဲ အက်စီးဒန့်တွေဖြစ်မယ် လျော်ကြေးမရကြဘူး။အဲဒီလိုခံစားခွင့်တွေ ဘာမှမရှိကြဘူး။အဲဒီတော့ တရားဝင်လာပြီး မလုပ်ချင်ရင်လည်း တရားဝင်ပြန်သွားတာ ကောင်းပါတယ်” ဟု ပြောသည်။

ကိုဗစ်မတိုင်ခင်ကတည်းက ခေါ်ထားသည့် အလုပ်ခေါ်စာအား လျှောက်ထားသူများအနေဖြင့် သက်တမ်းတိုးခြင်း လုပ်ဆောင်ရကာ သက်တမ်းတိုးမှုကို တစ်ဦးလျှင် ဝန်ဆောင်ခ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ ကုန်ကျမည် ဖြစ်ပြီး ယခုအခါတွင် ကိုဗစ် ရှိ/မရှိ PCR ဖြင့် စစ်ဆေးရမည့် ကုန်ကျစရိတ်ပါ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် ပထမအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ မလေးရှားနိုင်ငံဖြစ်သည်။

မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ငါးသိန်းခန့်ရှိပြီး ၎င်းတို့ထဲတွင် အထောက်ထားမဲ့ တရားမဝင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား အများအပြားရှိကြောင်း သိရသည်။

အလုပ်သမားစေလွှတ်ရန်အတွက် တရားဝင် လိုင်စင်ရ အေဂျင်စီ ၃၂၂ ခုရှိပြီး အဆိုပါ အေဂျင်စီများအားလုံးတွင် မလေးရှားသို့ သွားရောက်လုပ်ကိုင်ရန် လျှောက်ထားနိုင်ကြောင်း သိရသည်။