CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၂

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန်လမ်းပိုင်းသည် ပြီးခဲ့သည့်နှစ် မိုးရာသီတွင် လမ်းပိုင်းပျက်စီးနေမှု ဖြစ်ပေါ်ခဲ့ရာတွင် ဇုန်တာဝန်ရှိသူများအနေဖြင့် ကျောက်သားလမ်းသာ ခင်းပေးထားခဲ့သည့်အတွက် ယခုတွင် မိုးရွာ သွန်းထားခြင်းကြောင့် လမ်းပိုင်း စတင်ပျက်စီးလာပြီဟု ကုန်သည်များထံမှ သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေမှုကို ကုန်သည်များနှင့် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် အစိုးရပိုင်းဆိုင်ရာ အစည်းအဝေးများတွင် ပြန်လည်ပြုပြင်မည်ဟု ပြောဆိုမှုများ ရှိသော်လည်း လက်တွေ့တွင် ယခုအချိန်ထိ ပြင်ဆင်ထားခြင်း မရှိကြောင်း မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဘာမှ မလုပ်သေးဘူးတဲ့။ အခု မိုးရွာလို့ လမ်းတွေ ကားသွားတာ တအားဆိုးတယ်လို့ ပြောတယ်။ လေမုန်တိုင်း ရှိလို့ မိုးရွာတာ နှစ်ရက်၊ သုံးရက်ရှိပြီ။ အစည်းအဝေးထဲမှာလည်း ထိုင်ပြီးတော့ လုပ်ပေးမယ် ဘာညာဆိုတော့ အခုက နောက်လဆို မိုးရောက်ပြီလေ။ ကျနော်လည်း ဟိုကို (ကညင်ချောင်းစီးပွားရေးဇုန်) မသွားတာ နည်းနည်း ကြာပြီလေ။ အလုပ်လုပ်မယ်ဆိုတော့ ခုနက ရုံးက အတွင်းရေးမှူးကို ဖုန်းခေါ်တော့လေ အဝင်အထွက် ဆိုးတာ ဘာမှ မလုပ်ပေးဘူးတဲ့” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် ကညင်ချောင်းစီးပွားရေးဇုန် လမ်းပိုင်း ပျက်စီးနေမှုကို ပြေလည်စေရန်အတွက် ကျောက်များကို ခင်းကျင်းပေးထားခြင်းကြောင့် လတ်တလောတွင် သွားလာ၍ အဆင်ပြေနေသော်လည်း ကားအဝင်အထွက် များသည့်အခါမျိုးနှင့် မိုးရွာသွန်းမှု များပြားလာသည့်အချိန်မျိုးတွင် ဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်ကြည့်ရမည်ဟု မောင်တောကုန်သည်တစ်ဦးဖြစ်သူ ဦးအောင်နိုင်က ပြောသည်။

“လောလောဆယ် အဝင်အထွက် အဆင်ပြေပါတယ်။ တကယ် ၇ လပိုင်း၊ ၈ လပိုင်းတို့ မိုးအများကြီး ရွာသွားတဲ့အချိန်မှာ ဘယ်လိုရှိမယ် ကြည့်ရမှာပေါ့။ လောလောဆယ် အဆင်ပြေပါတယ်။ မိုးအများကြီး ရွာတဲ့အချိန်မှာ နစ်မလား တစ်ချက် ကြည့်ရမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုးရာသီကာလမျိုးတွင် ကညင်ချောင်း စီးပွားရေးဇုန်၌ ကုန်သွယ်မှု ပြုလုပ်၍ မရလျှင် ‌အမှတ် (၁) အဝင် အထွက်စခန်း POE သို့ ပြောင်းလဲ ကုန်သွယ်ရန် စဉ်းစားနေကြောင်း ဦးအောင်နိုင်က CNI သို့ ပြောသည်။

“ကားလည်း အဝင်အထွက် ဒီအတိုင်း ပုံမှန်ရှိမယ်ဆိုရင် မိုးလည်း ဒီထက်များလာရင် လမ်းမှာ နစ်သွားမလား။ ကျနော်တို့လည်း စဉ်းစားနေတာပေါ့။ ၇ လပိုင်း၊ ၈ လပိုင်းမှာ ကားအဝင်အထွက် အဆင်မပြေရင် ဟိုဘက် (POE) ရွှေ့ရမလားပေါ့” ဟု ပြောသည်။

POE ဆိပ်ကမ်းသည် ဒီရေ အတက်အကျကို စောင့်ဆိုင်းရခြင်း၊ သင်္ဘောများ ဝင်ရောက်၍ မရခြင်းနှင့် စက်လှေ များဖြင့် ကုန်သွယ်ရမည် ဖြစ်ခြင်းတို့ကြောင့် အဆိုပါ ဆိပ်ကမ်းတွင် ကုန်သွယ်မှု လုပ်ဆောင်ရမည်ဆိုပါက ကုန်စည်စီးဆင်းမှု နှေးကွေးသွားနိုင်သည်ဟု ကုန်သည်များက ပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန်အား ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ် ပြည်နယ်အစိုးရနှင့် ကညင်ချောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ အကောင်အထည်ဖော် လုပ်ဆောင်ထားခြင်း ဖြစ်သည်။

အစိုးရမှ ငွေကျပ် သိန်းပေါင်း ၂၅၀၀၀ နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ် သိန်းပေါင်း ၁၃၄၀၀၊ စုစုပေါင်း ‌ငွေကျပ် ၃၈၄၀၀ အကုန်ကျခံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကညင်ချောင်း စီးပွားရေးဇုန်နှင့် အမှတ်(၁)အဝင်အထွက်စခန်း (POE) ဟူ၍ ကုန်သွယ်ရေးစခန်း နှစ်ခု ရှိသည်။