CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၁

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နှမ်းနက်များကို မေလ ၉ ရက်နေ့မှ စတင်ပြီး ပြည်ပသို့ တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းထားကြောင်း စီးပွားကူးသန်းဌာနက ထုတ်ပြန်လိုက်ခြင်းသည် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ကုန်သည်တချို့က ပြောသည်။

စားအုန်းဆီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကနေ ပြည်တွင်းစားသုံးဆီ ဖူလုံစေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ရှိသူ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် ပြည်တွင်းစားသုံးဆီ ဖူလုံဖို့ သူတို့လုပ်လိုက်တဲ့ သဘောပါပဲ အဓိကကတော့။ အခုက စားအုန်းဆီ တင်သွင်းဖို့က ခက်နေပြီ။ အရင်တုန်းက မြန်မာပြည်ကို စားအုန်းဆီ တင်သွင်းဖို့ ကိစ္စကို ကန့်သတ် လိုက်တယ်။ ပြီးခဲ့တဲ့လက ကန့်သတ်လိုက်တဲ့အပြင် ထပ်ပြီးတော့ အင်ဒိုနီးရှားကလည်း ပြည်ပကို စားအုန်းဆီ တင်သွင်းတဲ့ကိစ္စကို သူတို့နိုင်ငံတွင်းမှာ သူတို့ကန့်သတ်လိုက်တယ်။ စားအုန်းဆီရဖို့ စားအုန်းဆီ တင်သွင်းတဲ့ ကိစ္စက တော်တော်လေး ခက်ခဲသွားတယ်ဗျ။ ခက်ခဲသွားတော့ ပြည်တွင်းမှာလည်း တစ်နိုင်ငံလုံး အနေအထားနဲ့ ဆိုရင် ပြည်တွင်းစားအုန်းဆီ လက်ကျန်က တစ်ပတ်စာပဲ ရှိတော့တယ်ဗျ။ ဆိုတဲ့အခါကျတော့ ပြည်တွင်းစားသုံးဆီ ဖူလုံဖို့အတွက် ဆိုပြီးတော့ ဆီထုတ်လုပ်တဲ့ သီးနှံ အဓိက မြေပဲနဲ့ နှမ်းနဲ့ ပြည်ပတင်ပို့ဖို့အတွက် ကန့်သတ်လိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

ပြည်တွင်းတွင် စားသုံးနေသည့် စားအုန်းဆီ တင်သွင်းမှု အခက်အခဲရှိနေခြင်းကြောင့် စားအုန်းဆီ ဈေးနှုန်းအပြင် နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပဲပုတ်ဆီ စသည့် အမျိုးမျိုးသော ဆီဈေးနှုန်းများလည်း ဈေးနှုန်းမြင့်တက်လျက် ရှိသည်။

ဒါ့အပြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းများကို ပြည်ပတင်ပို့ခွင့် ဆိုင်းငံ့လိုက်ခြင်းကြောင့် ပြည်တွင်းအတွက်သာ ဆီရရှိအောင် ပြန်လည်လုပ်ဆောင်မည်ဖြစ်သောကြောင့် ယင်းသီးနှံများသည် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ် လာနိုင်ကြောင်း ဦးနေဝင်းစိုးက ဆက်ပြောသည်။

“ဈေးကတော့ အကုန်တက်လာမှာပဲ။ ပြည်တွင်းမှာရှိတဲ့ မြေပဲ၊ နှမ်း တင်ပို့လို့ မရတော့ဘူးပေါ့နော်။ ပြည်တွင်းမှာပဲ ဒါကို ဆီပြန်ထွက်အောင် ကြိတ်ရမယ်။ စားဆီရအောင် ပြန်လုပ်မယ်ဆိုပေမယ့်လည်း ဈေးက အထိုက်အလျောက် တော့ တက်လာအုံးမှာပဲ။ ပြည်ပတင်ပို့လို့ မရဘူးဆိုပေမယ့် စားဆီ ရှားပါးသွားတဲ့အတွက် စားဆီကြိတ်မှာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဈေးက တက်လာနေအုံးမယ်” ဟု CNI သို့ ပြောသည်။

မြေပဲနှင့်နှမ်းကို ပြည်ပတင်ပို့ခွင့် ခေတ္တဆိုင်းငံ့လိုက်ခြင်းကြောင့် လတ်တလော မန္တလေး ပဲဈေးကွက်အတွင်း မေလ ၁၀ ရက် (မနေ့က) နေ့တွင် မြေပဲဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ကျဆင်းပြီး၊ နှမ်း တစ်အိတ်လျှင် ၃၀၀၀ ကျပ် ကျဆင်းသွားသည်ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးညွန့်ဝေက CNI သတင်းဌာနသို့ ပြောသည်။

“သက်ရောက်ပါပြီဗျ။ မနေ့ကတည်းက ကျပါပြီဗျ။ မြေပဲဆံ တစ်ပိဿာကို ၇၀၀ လောက် ကျသွားတယ်။ နှမ်းတစ်အိတ်ကို ၃၀၀၀ လောက် ကျပါတယ်။ နှမ်းကတော့ ပြောပအောင်တော့ မကျသေးဘူး။ မြေပဲဆံက အခုမှ အညာအသစ်က ပေါ်နေတာဆိုတော့ တစ်ပိဿာ ၁၀၀၀ လောက်ထိအောင်ကို ကျသွားပါတယ်ခင်ဗျာ။ ဒါကတော့ ဈေးကွက်လိုအပ်ချက်အရပဲ စားဆီဈေးမြင့်သွားလို့ စားဆီကိုလည်း မပေးတော့ဘူး မပေးပါနဲ့တော့ဆိုပြီးတော့ ကန့်သတ်ထားတာတွေ ရှိတယ်။ စားဆီဈေးတက်လာမှာဆိုးလို့ ပဲဆီက နည်းနည်း မြင့်လာပြီး ကြိတ်ခွဲတဲ့ သူတွေ က များလာတယ်ဆိုလို့ရှိရင်လည်း တစ်မျိုးတစ်မည် ဖြစ်နိုင်တာပေါ့နော်” ဟု ပြောသည်။

နိုင်ငံခြားငွေကို ထိန်းချုပ်လိုသည့်အတွက် စားအုန်းဆီ တင်သွင်းခွင့်ကို ပြီးခဲ့သည့်လက တန်ချိန် ၂ သောင်းခန့် တင်သွင်းခွင့်ပြုထားရာမှ တန်ချိန် ၅ ထောင်သာ တင်သွင်းခွင့်ပြုကြောင်း ကန့်သတ်လိုက်ခြင်းသည် ပြည်တွင်း စားသုံးဆီဖူလုံမှုကို လိုအပ်ချက် ဖြစ်ပေါ်စေခဲ့သည်ဟု စားသုံးဆီ တင်သွင်းသူများက ပြောသည်။

စားအုန်းဆီ အသုံးပြုမှုသည် ပြည်တွင်းတွင် တစ်နှစ်လျှင် တန်ချိန် ၁၂ သိန်းနီးပါးရှိကြောင်း စားအုန်းဆီ တင်သွင်းသူများထံမှ သိရသည်။