CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ထိုင်း-မလေးရှား နယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုကြောင့် ထိုင်းအာဏာပိုင်များက မြန်မာ အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးကာ ၎င်းထဲကမှ သံသယရှိသူအဖြစ် ၉ ဦးအား စစ်ဆေးမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN) က သိရသည်။

ထိုကိစ္စအား ကူညီဆောင်ရွက်ပေးနေသည့် MWRN မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက ၎င်း သံသယရှိသူ ၉ ဦးမှာ ရခိုင်ပြည်နယ်မှဖြစ်ကြောင်း၊ အဆိုပါ မြန်မာများအားလုံးသည် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

“အကုန်လုံးကို ဘာသာပြန်နဲ့စစ်ဆေးပြီးသွားပြီ။ စစ်ဆေးပြီးတော့ ဒီ ၉ ယောက်က သူတို့က သံသယဖြစ်တယ် ဆိုပြီးတော့။ သံသယဖြစ်တဲ့သူ ၉ ယောက်က သူတို့က ထပ်အစစ်ခံရဦးမယ်။ နည်းနည်းတော့ ကြာမယ်ပြောတယ်။ စစ်ဆေးပြီးမှ ပြန်လွှတ်ပေးလို့ရမယ်ပေါ့လေ အမှုနဲ့မသက်ဆိုင်ဘူးဆိုရင်တော့။ ဒီ လူ ၉ ယောက်ကိုလည်း ကျနော် က အသေးစိတ်မေးတယ်။ မင်းတို့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်ပတ်သက်နေတာလား၊ ဒါမှမဟုတ် မျက်မြင် မြင်ခဲ့တာလားပေါ့လေ။ သူတို့က မြင်လည်းမမြင်ခဲ့ဘူး၊ ဒီအမှုနဲ့ပတ်သက်ပြီး ကိုယ်ထိလက်ရောက် လုပ်ခဲ့တာလည်းမရှိဘူးပေါ့။ သူများပြောတဲ့ဟာမှ သူတို့ကကြားရတာတဲ့ ဘာမှကို မသိပါဘူးတဲ့။ သူတို့က ထိုင်းကို လာတဲ့လူတွေမဟုတ်ဘူး။ မလေးကို သွားတဲ့လူတွေဖြစ်တယ် အကုန်လုံးက။ ဒီ ၉ ယောက်အပါအဝင် ဖမ်းခံထားရ တဲ့သူတွေ အကုန်လုံးက မလေးရှားကို ဝင်မယ့်သူတွေပါ”ဟု ပြောသည်။

အဆိုပါ သံသယဖြစ်သူ ၉ ဦးတို့မှာ ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး စသည်တို့မှ ဖြစ်ပြီး ၎င်းတို့သည် လိပ်ကျွန်းလူသတ်မှုမှ ဝင်းနှင့် ဇော်ကဲ့သို့ အပြစ်မရှိဘဲ သေဒဏ် သို့မဟုတ် တစ်သက် တစ်ကျွန်း ကျခံရမည်ကို များစွာစိုးရိမ်နေကြကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမားများအား တွေ့ရစဉ်

ထိုင်း-မလေးရှားနယ်စပ်၊ ထိုင်းဘက်အပိုင် တောထဲတွင် ထိုင်းနိုင်ငံသား အလုပ်သမားတစ်ဦး၏ အလောင်းကို မေလ ၃၁ ရက်က တွေ့ရှိခဲ့သဖြင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ခိုးဝင်မည့် မြန်မာ ၃၀၀ ကျော်အား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ မြန်မာအလုပ်သမား ၃၀၀ ကျော်အား အချုပ်ခန်း ၅ နေရာတွင် ထားရှိထားကြောင်း သိရသည်။

လက်ရှိ ၎င်း ထိုင်းနိုင်ငံသား သေဆုံးမှုနှင့်ပတ်သက်၍ သံသယရှိသူဟု သတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံသား ၉ ဦးအား မြန်မာနိုင်ငံမှ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ညှိနှိုင်းမှုများ ပြုလုပ်ပေးစေချင်ကြောင်း MWRN မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား ၃၀၀ ကျော်အား အချုပ်ခန်းများတွင်သာ ထားရှိကာ စားသောက်ရေးနှင့် နေထိုင် ရေးတို့မှာ အဆင်မပြေကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမားများအား တွေ့ရစဉ်

ကိုသိန်းထွန်းက “အကုန်လုံးကတော့ ပြန်ပို့မယ်။ ပြန်ပို့မယ့်အထဲမှာ ဒီ ၉ ယောက်က သံသယနဲ့ဖြစ်တယ်ဆိုတော့ သူတို့က အစစ်ဆေးခံရမယ်။ ရဲချုပ်ပြောတာက လ.ဝ.ကနဲ့ပဲ သက်ဆိုင်တယ်။ သူတို့နဲ့မသက်ဆိုင်ဘူး။ သူတို့ ခန့်မှန်းထားတာက တစ်ပတ် နှစ်ပတ်လောက်ဆိုရင်တော့ ပြန်ပို့ဖြစ်မယ်လို့ သူတို့ ယူဆတာပေါ့လေ။ တရားရုံး တွေဘာတွေလည်း မပို့တော့ဘူးပေါ့လေ။ ဒီ ၉ ယောက်ကို စစ်ဆေးမှာက သူတို့က ဖမ်းတဲ့နေ့ကတည်းက အချက် အလက်တွေ အကုန်ယူထားပြီးပြီ။ ဒါပေမယ့် အသေးစိတ် လူသတ်မှုနဲ့ ပတ်သက်၊ မပတ်သက်ဆိုတာ စစ်ဆေးမှာ ကတော့ ဘယ်နေ့ ဘယ်ရက်မှာ စစ်ဆေးမယ်ဆိုတာကတော့ အတိအကျမသိဘူး”ဟု ပြောသည်။

ထို အဖမ်းခံထားရသည့် မြန်မာ ၃၀၀ ကျော်သည် မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစား များအား တစ်ဦးလျှင် မြန်မာကျပ်ငွေ ၂၆ သိန်းမှ သိန်း ၃၀ အထိ ပေးခဲ့ကြရကြောင်း သိရသည်။