CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

ထိုင်းနိုင်ငံသားသေဆုံးမှု၌ အလောင်းနှင့်ဆက်စပ်၍ လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ်သည် အာမခံဖြင့် လွတ်နိုင်ခြေရှိသဖြင့် အာမခံရရှိရန် ရှေ့နေနှင့်ဆောင်ရွက်လုပ်ဆောင်နေကြောင်း အကူအညီပေးနေသည့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်(MWRN) က CNI သတင်းဌာနသို့ ပြောသည်။

ရှေ့နေတစ်ဦးနှင့် အဆိုပါအမှုကိစ္စအား အကြောင်းစုံပြောပြထားပြီး ၎င်းက ကူညီမည်ဆိုသည့်အတွက် ဇွန်လ ၂၇ ရက်နေ့တွင် တရားရုံးသို့ သွားရောက်ကြမည်ဖြစ်ကြောင်း MWRN မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

MWRN မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက “အာမခံနဲ့လွှတ်တယ်ဆိုတာက နေရပ်ကို ပြန်ပို့ရမှာ တော့ မဟုတ်ဘူး။ ဒီအမှုမပြီးမချင်းကတော့ မြန်မာပြည်ကိုပြန်လို့ရဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ အာမခံနဲ့ လွတ်ရင်တောင်မှ ထိုင်းမှာ ဒီတရားရုံးအခင်းတွေမှာ ပြီးအောင် ဆက်လုပ်ရမယ့်သဘောရှိတယ်။ ပြီးမှပဲ သူက မြန်မာပြည်ကို ပြန်ပို့မယ်။ ဒါပေမယ့် ဒီမှာရှိတဲ့ သူနဲ့သက်ဆိုင်တဲ့ ရှေ့နေက အာမခံပေးရမယ်။ နောက်ပြီးတော့ ရှေ့နေ တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ တခြားပုဂ္ဂိုလ်တွေကနေပြီးတော့ အဖွဲ့အစည်းကသော် လည်းကောင်း၊သူ့ရဲ့ဆွေမျိုးတွေထဲကသော်လည်းကောင်း ပူးပေါင်းပြီးတော့ အာမခံပေးရမယ့်သဘောရှိတယ်။ အာမခံလို့ အမှန်တကယ် ၁၀၀ ရာခိုင်နှုန်း ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာ မသိရသေးဘူး။ ထောင်ကျမလား၊ မကျဘူးလားဆိုတဲ့ဟာမျိုးတွေပေါ့လေ။ ဒါပေမယ့် သူ့ရဲ့ထွက်ဆိုချက်တို့ နောက်ပြီးတော့ သက်သေအပေါ်မှာရော၊ မျက်မြင်သက်သေတွေအပေါ်မှာပေါ့ အကုန်လုံးလည်း သက်ဆိုင်နေတယ်”ဟု ပြောသည်။

ထိုင်း-မလေးရှား နယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူအဖြစ် ရခိုင် ၉ ဦးအား စစ်ဆေးရာတွင် ယခုကဲ့သို့ လက်ဗွေတွေ့ရှိခြင်းဖြစ်ပြီး တရားခံဟုယူဆရသောကြောင့် ဖမ်းဆီးထားသည့် ပွဲစားမှာ ကိုဗစ်ဖြစ်နေသည့်အတွက် တစ်စုံတစ်ရာ စစ်ဆေးမှုများ မပြုလုပ်ရသေးကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

အဆိုပါ သေဆုံးသူအ‌လောင်းအား မေလ ၃၁ ရက်က တွေ့ရှိခဲ့တာကြောင့် ဇွန်လ ၂ ရက်နေ့မှ စတင်၍ တရားခံရှာဖွေခဲ့သည့်အတွက် မလေးရှားသို့ တရားမဝင် ခိုးဝင်မည့် မြန်မာ ၄၀၀ ကျော်အားတွေ့ရှိကာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ထဲကမှ မျက်မြင် သက်သေ ၃ ဦးပေါ်ထွက်ခဲ့ပြီး သေဆုံးသူအလောင်းနှင့် ဆက်စပ်ပြီး လက်ဗွေရာတွေ့ ရှိသူတစ် ဦး ထွက်ပေါ်လာခဲ့ကာ ၎င်းတို့မှာ စစ်တွေမှ ၁ ဦး၊ ပုဏ္ဏားကျွန်းမှ ၁ ဦးနှင့် မင်းပြားမှ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ၄ ဦးမှအပ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ ၄၀၀ ကျော်ထဲကမှ လူဦးရေ ၁၇၀ ကျော် အား နေရပ်သို့ပြန်ပို့ရန်အတွက် ယာယီအချုပ်သို့ ပိုဆောင်ထားပြီးဖြစ်ကြောင်း MWRN မှ မြန်မာအလုပ်သမား တာဝန်ခံ ကိုသိန်းထွန်းက ပြောသည်။

ယာယီအချုပ်ဆိုသည်မှာ ပြစ်ဒဏ်ကင်းလွတ်ပြီးဖြစ်သည့်အတွက် နေရပ်သို့ ပြန်ပို့ခံရမည့်သူများအား ထားရှိသော နေရာဖြစ်ကြောင်းလည်း သိရသည်။

“အဲဒီနေရာမှာက လူ ထောင်နဲ့ချီပြီးလည်း မဆန့်ဘူး။ တစ်ဖြတ် တစ်ဖြတ်၊ တစ်သုတ်ပို့ပြီးမှ တစ်သုတ်ကို ပို့ရတာ ဆိုတော့လေ။ အဲဒါနည်းနည်းတော့ စောင့်ဆိုင်းရမယ်။ တခါတည်းနဲ့ ဒီ ၄၀၀ ကျော်လုံးကို တခါတည်းပို့လိုက်လို့ တော့ မရဘူး။ နောက်တစ်ခုက စစ်ဆေးရမယ့်ဟာတွေ ရှိဦးမယ်လို့ထင်တယ်။ အကုန်လုံးကိုတော့ ပို့မှာတော့ မဟုတ်သေးဘူးနဲ့ တူတယ်။ လိုအပ်တဲ့ဟာတွေလည်း ဆေးစစ်စရာရှိတာတွေ သူတို့ဆေးစစ်မယ်။ စစ်ဆေးစရာ ရှိတာလည်း စစ်ဆေးဦးမယ်နဲ့တူတယ်”ဟု ပြောသည်။

၎င်း ထိုင်း-မ‌လေးရှားနယ်စပ်ရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများသည် ထို ဖမ်းဆီး စစ်ဆေးခံနေရသည့် မြန်မာများအတွက် နေ့စဉ် စားသောက်ဖွယ်ရာနှင့် ဆေးဝါးတို့ ထောက်ပံ့ကူညီပေးလျက် ရှိသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးခံနေရသည့် မြန်မာ ၄၀၀ ကျော်တို့သည် ပွဲစားဖြင့် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်ကာ သွားရောက်အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူများ ဖြစ်ကြောင်းသိရသည်။