CNI International News

တိုကျို၊ ဇွန်လ ၂၁

လိင်တူလက်ထပ်ခွင့်ကို တားမြစ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာမရောက်ကြောင်း ဂျပန်နိုင်ငံရှိ တရားရုံးတစ်ရုံးက ဇွန်လ ၂၀ ရက်တွင် ဆုံးဖြတ်ခဲ့ပြီး လွတ်လပ်စွာပေါင်းသင်းခွင့်နှင့်တန်းတူညီမျှမှုအခွင့်အရေးတို့ ချိုးဖောက်ခံရကြောင်း စောဒကတက်ခဲ့သည့် စုံတွဲ ၃ တွဲ၏ တောင်းဆိုချက်များကို ပယ်ချခဲ့သည်။

အထက်ပါ အိုဆာကာခရိုင်တရားရုံး၏ စီရင်ဆုံးဖြတ်ချက်သည် အလားတူအမှုမျိုးအတွက် ဒုတိယအကြိမ်မြောက် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပြီး လိင်တူချင်းလက်ထပ်ခြင်းကို တားမြစ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီ ကြောင်း တွေ့ရှိရသည်ဟု ယမန်နှစ်က ဆက်ပိုရိုတရားရုံး၏ဆုံးဖြတ်ချက်အပေါ် သဘောတူလိုက်နာခြင်းမရှိပေ။

စက်မှုထိပ်သီး ၇ နိုင်ငံအနက် လိင်တူသမဂ္ဂများကို အသိအမှတ်မပြုသည်မှာ ဂျပန်နိုင်ငံတည်းဖြစ်ပြီး ယခု ပြဿနာသည် ဂျပန်နိုင်ငံတွင် သဘောထားကွဲလွဲမှုရှိနေခြင်းကို ပြသနေခြင်းဖြစ်ကြောင်း အေပီက သတင်း ဆက်လက်ဖော်ပြသည်။

ယခုစီရင်ဆုံးဖြတ်ချက်တွင် အိုဆာကာတရားရုံးက လိင်တူချစ်သူများရင်ဆိုင်နေရသည့် ခွဲခြားဆက်ဆံခံရခြင်း အတွက် စုံတွဲတစ်တွဲလျှင် နစ်နာကြေး ယန်းငွေ ၁ သန်း (ဒေါ်လာ ၇,၄၀၀) ရယူလိုမှုတောင်းဆိုခြင်းကို ပယ်ချ ခဲ့သည်။

 ဂျပန်နိုင်ငံရှိ လိင်တူချစ်သူနှစ်ဦး လက်ထပ်မင်္ဂလာပွဲ ကျင်းပနေစဉ်(ဓါတ်ပုံ- Elise Hu/NPR)

၂၀၁၉ ခုနှစ်တွင် လွတ်လပ်စွာပေါင်းသင်းခွင့်နှင့် တန်းတူညီမျှခွင့် ချိုးဖောက်ခံရသည်ဟုပြောကြား၍ ဂျပန်အစိုးရ ကို တရားစွဲဆိုခဲ့ကြသူများသည် ဆက်ပိုရကို၊ တိုကျို၊ နာဂိုယာ၊ ဖူကူအိုကာနှင့် အိုဆာကာစသည့် မြို့ကြီးများမှ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် ယခု အိုဆာကာစီရင်ချက်တွင် တရားရင်ဆိုင်ခဲ့ကြသည့် အမျိုးသားစုံတွဲ ၂ တွဲနှင့် အမျိုးသမီး စုံတွဲတစ်တွဲတို့လည်း ပါဝင်ခဲ့ကြသည်။

လက်ထပ်ခြင်းမှတစ်ဆင့် ရရှိခံစားနိုင်သော တူညီသည့်အကျိုးစီးပွားနှင့် တရားဝင်ခံစားခွင့်များကို ဆုံးရှုံးရကြောင်း၊ ၎င်းတို့အပေါ် တရားမဝင် ခွဲခြားဆက်ဆံခံခဲ့ရကြောင်း ရုံးတော်တွင် စောဒကတက်ခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် လိင်ကွဲပြားမှုများအတွက် ပံ့ပိုးကူညီခြင်းများ တဖြည်းဖြည်း ကြီးထွားလာသော်လည်း လိင်တူ ချစ်သူများ၊ လိင်စုံ (Bisexual) နှင့် လိင်ပြောင်းလဲထားသူများအတွက် တရားဝင်အကာအကွယ် နည်းပါးနေဆဲ ဖြစ်သည်။

LGBTQ များသည် စာသင်ကျောင်း၊ လုပ်ငန်းခွင်နှင့်နေအိမ်တို့တွင် မကြာခဏ ခွဲခြားဆက်ဆံခံရခြင်းကို ကြုံတွေ့ ရလေ့ရှိပြီး အများစုမှာ ၎င်းတို့၏လိင်ပိုင်းဆိုင်ရာ အထောက်အထားများကို ဖုံးကွယ်ထားကြသည်။

ပြီးခဲ့သည့် နွေရာသီ တိုကျိုအိုလံပစ်ပွဲ မတိုင်မီက တန်းတူညီမျှရေး ဥပဒေတစ်ရပ်ကို အတည်ပြုရန် လူ့ အခွင့် အရေးအဖွဲ့များက တွန်းအားပေးခဲ့သော်လည်း ဂျပန်ကို နိုင်ငံတကာအာရုံစိုက်လာချိန်၌ ကွန်ဆာဗေးတစ်ပါတီ အစိုးရက ယင်းဥပဒေကြမ်းကို ဖျက်သိမ်းခဲ့သည်။

Source: AP