CNI International News

တိုကျို၊ ဧပြီ ၂၀

ဂျပန်နှင့်ရုရှား နှစ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင်မှု နှစ်ပေါင်းများစွာ အငြင်းပွားနေမှုကို အဖြေရှာကြရန် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများအား ဆိုင်းငံ့ထားရနိုင်ခြေရှိနေကြောင်း ဂျပန်သတင်းဌာန NHK တွင် ဖော်ပြထားသည်။

ယူကရိန်းကို ကျူးကျော်၍ မော်စကိုအပေါ် ဖိအားပေးရေးအတွက် နိုင်ငံတကာပိတ်ဆို့ ဒဏ်ခတ်မှုများ၌ ပါဝင်ရန် ဂျပန်က ဆုံးဖြတ်ခဲ့ပြီး ရုရှားသည် ဂျပန်နှင့် နယ်မြေအရေး ဆွေးနွေးနေမှုကို ကျောခိုင်းထွက်ခွာ သွားခဲ့သည်။ ယင်းသို့ ထွက်ခွာမည့် အကြောင်းကိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် “လက်ရှိအခြေအနေအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ဂျပန်နှင့် ငြိမ်းချမ်းရေး စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားရန် ရည်ရွယ်ထားခြင်း မရှိတော့ကြောင်း၊ ဖော်ရွေလှိုက်လှဲမှု မပါဝင်သည့် အနေ အထား ပိုင်ဆိုင်ထားသည့် နိုင်ငံနှင့် မိမိတို့ ဆက်ဆံရေးဆိုင်ရာ အခြေခံ စာချုပ်စာတမ်းကိစ္စ ဆွေးနွေးရန် မဖြစ်နိုင် တော့ပါ” ဟု ရေးသားထားသည်။

အဆိုပါ လုပ်ရပ်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အစီအမံသစ်ချမှတ်ရန် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယို၏ ဆုံးဖြတ်ချက် အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအမံသည် တခြားသော ၇ နိုင်ငံအုပ်စု၏ သဘောထားနှင့် ကိုက်ညီသည်။

ဂျပန်သည် ရုရှား၏ ကုန်သွယ်ရေး အဆင်ပြေဆုံးနိုင်ငံ အဆင့်အတန်းကို ရုတ်သိမ်းလိုက်ပြီး တိုကျိုအနေဖြင့် ရုရှားထုတ်ကုန် များကို အခွန်တိုးကောက်ဖို့ စီစဉ်နေသည်။

ဂျပန်-ရုရှား နှစ်နိုင်ငံ သံတမန်အရေး ဆွေးနွေးမှုများ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဂျပန်နှင့် ရုရှားတို့သည် ၁၉၅၆ ခုနှစ်မှ စတင်၍ ဂျပန်-ဆိုဗီယက် ပူးတွဲကြေညာစာတမ်း လက်မှတ်ထိုးကြပြီးကတည်းက စစ်ပြေငြိမ်းရေး သဘောတူနိုင်ခဲ့ ကြသည်။

ရုရှား-ဂျပန် ကျွန်းအငြင်းပွားမှု

၎င်းတို့သည် ဟော့ကိုင်းဒိုးကျွန်း၏ အရှေ့မြောက်ကမ်းရိုးတန်းရှိ ကျွန်းများနှင့်စပ်လျဉ်း၍ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေ ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးတွင် အတားအဆီးတစ်ခု ဖြစ်နေခဲ့သည်။

အဆိုပါ ကျွန်းများကို ရုရှားက လက်ရှိ ထိန်းချုပ်ထားသည်။ ဂျပန်က ထိုကျွန်းများကို သူ ပိုင်ဆိုင်သည်ဟု ပြောသည်။ ထိုကျွန်း များသည် ဂျပန်ပိုင်နက်၏ မွေးရာပါ အစိတ်အပိုင်းဖြစ်ကြောင်း ဂျပန်အစိုးရက ဆုပ်ကိုင်ထားသည်။ ဒုတိယကမ္ဘာစစ်ပြီးချိန် ကျမှ ရုရှား ထိုကျွန်းများကို တရားမဝင် ဝင်ရောက်သိမ်းပိုက်ခဲ့ကြောင်း ဂျပန်က အကြောင်းပြခဲ့သည်။

ဂျပန်အစိုးရ၏ အဆိုအရ ထိုကျွန်းများကို ဆိုဗီယက်(ရုရှား)တို့ မသိမ်းပိုက်မီ ၁၉၄၅ ခုနှစ်အထိ ကျွန်းများပေါ်တွင် ဂျပန်လူမျိုး ၁၇,၀၀၀ ခန့် နေထိုင်ခဲ့ကြောင်း သိရသည်။ ဆိုဗီယက်တို့ သိမ်းပြီးနောက် ကျွန်းအသီးသီးရှိ ဂျပန်လူမျိုးများကို ၁၉၄၈ ခုနှစ် တွင် ရွှေ့ပြောင်းပေးဖို့ အမိန့်ထုတ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင်တော့ ထိုကျွန်းများ အရေးကိစ္စမှာ နွေးထွေးပြေလည်လာခဲ့သည်။ ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ကျွန်းစုများပေါ် ခရီးသွားလုပ်ငန်း စီမံကိန်းရေးဆွဲခြင်း အပါအဝင် စီးပွားရေးအရ ပူးပေါင်း လုပ်ကိုင်ကြရန် သဘောတူ လက်ခံခဲ့ကြသည်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုနဲ့ ရုရှား ကာကွယ်ရေး/နိုင်ငံခြားရေး၀န်ကြီးများ

သို့သော် မျက်မှောက်ကာလ၌ လက်မခံနိုင်စရာ ချဉ်းကပ်မှုများ ရှိနေသည်ဟု အကြောင်းပြချက်ဖြင့် ရုရှားဘက်ကို လက်ရှိ ဝန်ကြီးချုပ် ကီရှီဒါက ကန့်ကွက်ခဲ့သည်။

“အခု အခြေအနေက ရုရှားရဲ့ ရန်လိုတဲ့လုပ်ရပ်ရဲ့ ရလဒ်ဖြစ်ပါတယ်။ အဲဒီအပေါ် အခြေခံပြီးတော့ ဂျပန်-ရုရှား ဆက်ဆံရေး အကျိုးဆက်တွေကို အပြစ်ပုံချတာ အင်မတန် တရားလွန်ပါတယ်” ဟု ကီရှီဒါက လွှတ်တော်ရေးရာကော်မတီသို့ ပြောကြား ခဲ့သည်။

၎င်းတို့ အစိုးရအနေဖြင့် သက်ကြီးရွယ်အို ကျွန်းသူကျွန်းသားဟောင်းများ၏ ဆန္ဒကို အဓိကဦးတည်၍ ဆက်လက် ကိုင်တွယ် ဖြေရှင်းသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီယိုရှီမာဆာက ပြောကြားခဲ့သည်။

“ဒါပေမယ့် လတ်တလော ကာလမှာတော့ စေ့စပ်ညှိနှိုင်းရေး အလားအလာကို ကျနော်တို့ ဦးတည်ထားလို့ မရသေးဘူး” ဟု ၎င်းက သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

Source: NHK