CNI International News

ဟီရိုရှီးမား၊ မေလ ၁၉

ဟီရိုရှီးမား (Hiroshima) တွင် ပြုလုပ်မည့် G7 အစည်းအဝေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ ကြာသပတေးနေ့တွင် စုဝေးခဲ့ကြသည်ဟု AP သတင်းတွင်ဖော်ပြသည်။

ဂျပန်မှဦးဆောင်ကျင်းပမည့် အစည်းအဝေးတွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ဆိုင်ရာ အကြောင်းအရာများက ကြီးစိုးသွားမည်ဟုလည်း ယူဆရသည်။

G7 နိုင်ငံများသည် အစည်းအဝေးပွဲများကို တရားဝင်စတင်မည့် သောကြာနေ့တွင် ရုရှားအား အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်ရေး ထုတ်ပြန်ရုံသာမက ရုရှား၏ စစ်ရေးလှုပ်ရှားမှုများကို တားဆီးရေး၊ လက်ရှိအရေးယူမှုများကို နှစ်ဆမြှင့်တင်မည့် အစီအစဉ်များအပြင် ယင်းနှင့်ပတ်သက်နေသူများကို အပြစ်ပေးနိုင်ရေး စသည်တို့ကို ထုတ်ပြန် ကြေညာသွားမည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

ထိုသို့ ပိတ်ဆို့အရေးယူမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေးတွင် အမေရိကန်နိုင်ငံအနေဖြင့် ရုရှားလက်နက် ထုတ်လုပ်ရေးတွင် ပါဝင်နေသာ ရုရှားနှင့်တတိယနိုင်ငံများမှ အဖွဲ့အစည်း ၇၀ ကျော်ကို အမည်ပျက်စာရင်း တင်သွင်းရေးနှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လေယာဉ်နှင့် သင်္ဘော ၃၀၀ ကျော်ကို ပိတ်ဆို့အရေးယူမှုဆောင်ရွက်ရေး လုပ်ဆောင်သွားမည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိက ဆက်လက်ပြောကြားသည်။

အနုမြူဒဏ်သင့် အဆောက်အုံအား G7 ခေါင်းဆောင်များ ကြည့်ရှုနေစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းတွင် စစ်တိုက်နိုင်မှုကို လျော့ကျသွားစေရေးနှင့် ရုရှားအပေါ် ထပ်မံပိတ်ဆို့နိုင်ရေးတို့အတွက် G7 အဖွဲ့ အတွင်းရှိ တခြားသောနိုင်ငံများသည်လည်း အလားတူလုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်သွားမည်ဟု အဆိုပါ အရာရှိကပြောသည်။ ယင်းနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများသည် သီတင်းပတ်ကုန်ပိုင်း အစည်းအဝေးပြီးဆုံးချိန်မှသာ ထွက်ပေါ်လာမည်လည်းဖြစ်သည်။

မွေးရပ်မြို့တွင် အစည်းအဝေးကို ဦးဆောင်ပြုလုပ်မည့် ဂျပန်ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါ (Fumio Kishida) သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် တွေ့ဆုံခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာသံတမန်ရေးကို စတင် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

ဘိုင်ဒန်သည် ဟီရိုရှီးမားမြို့အနီးရှိ စစ်စခန်းတစ်ခုသို့ သွားရောက်ပြီးနောက် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။ ကီရှီဒါသည် သုံးရက်ကြာ အစည်းအဝေး မစတင်ခင် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ် (Rishi Sunak) နှင့် တွေ့ဆုံသွားမည်လည်း ဖြစ်သည်။
ဂျပန်-အမေရိကန် ပူးပေါင်းမှုသည် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် အခြေခံအချက်ဖြစ်သည်ဟု ဘိုင်ဒန်နှင့် တွေ့ဆုံမှုတွင် ကီရှီဒါက ပြောခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါနှင့် ဇနီး တို့က သမ္မတဂျိုးဘိုင်ဒန်နှင့် ဇနီးတို့အား လှည့်လည်ပြသနေစဉ်(ဓါတ်ပုံ-အေပီ)

နှစ်နိုင်ငံပူးပေါင်းမှုများ အလျင်အမြန်ဖွံ့ဖြိုးလာခြင်းအပေါ်များစွာ ကြိုဆိုကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံများ အတူတကွရပ်တည်လျှင် ပို၍အင်အားကြီးလာကြောင်း၊ ထိုသို့ပြုလုပ်လျှင် ကမ္ဘာကြီးသည် ပိုမို လုံခြုံလိမ့်မည်ဟု ယုံကြည်ကြောင်း ဘိုင်ဒန်က ပြောခဲ့သည်။

အမေရိကန်သည် ရုရှားဗဟိုဘဏ်၏ ရံပုံငွေများကို ကန့်သတ်ခဲ့ကာ နိုင်ငံတကာဘဏ်စနစ်အတွင်းသို့ ရုရှားဘဏ်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး ရုရှားကုမ္ပဏီများ၊ အစိုးရအရာရှိများနှင့် မိသားစုဝင်ထောင်ပေါင်း များစွာကိုလည်း ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခဲ့သည်။ G7 အဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့သည့်နှစ်တွင် ရုရှား၏ ရေနံနှင့်ဒီဇယ်များကို တစ်စည်လျှင် ဒေါ်လာ ၆၀ ဟုဈေးနှုန်းကန့်သတ်သည့် အရေးယူမှုကို ချမှတ်ခဲ့ကာ ယင်းက ရုရှား၏ရေနံမှ ရရှိသောဝင်ငွေကို လျော့ချရေးတွင်အောင်မြင်မှုရှိခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဌာနက ပြောသည်။

ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ရုရှား၏ ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ရေနံမှရရှိသော ဝင်ငွေပမာဏမှာ ၄၀ ရာခိုင်နှုန်းကျဆင်းသွားသည်ဟုလည်း ဘဏ္ဍာရေးဌာနက ထုတ်ပြန်သည်။

Source:AP