CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၉

ထိုင်းနိုင်ငံတွင် လက်ရှိ အထွေထွေရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းမည့် အစိုးရသစ်အား မကြိုက်ပါက နိုင်ငံရေး၌ မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို အသုံးချလာနိုင်ကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ မကျင်းပခင် မေဒေးနေ့တွင် ထိုင်းဘုရင်စနစ်နှင့် ပတ်သက်၍ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား များအပေါ် ထင်ယောင်ထင်မှား ဖြစ်စေသည့် ကိစ္စရပ်များလည်း ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် အစိုးရသစ် ဖွဲ့စည်းသည့်အခါတွင် မကြိုက်နှစ်သက်ပါက နိုင်ငံရေးသမားများအနေဖြင့် ရွှေ့ပြောင်း လုပ်သားများအား အခြား အသွင်သဏ္ဍာန်ဖြင့် အသုံးချကာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ကိစ္စရပ်များ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးမင်းဦးက “ရှိကောင်းရှိလာနိုင်တယ်။ ဒါကတော့ ပြောလို့မရဘူး။ ဒီမှာကလည်း ခုနကပြောတဲ့ အစိုးရတို့ ဘာတို့ ဆိုပေမယ့်လည်း အဲဒီအစိုးရတွေ ဒီနိုင်ငံကို ဦးစီး ဦးဆောင်လုပ်နေတဲ့ နိုင်ငံခေါင်းဆောင်တွေ ဘာတွေ အကုန်လုံး က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သူတို့က အနည်းနဲ့အများ ပတ်သက်နေကြတယ်။ ပတ်သက်နေကြတဲ့ အခါကျ တော့ စီးပွားရေး လုပ်ငန်းရှင်တွေကနေ နိုင်ငံရေး အတိုက်အခံ သမားတွေကို အသုံးချတဲ့ဟာတွေ ရှိတာပေါ့။ အဲဒီ လို အသုံးချတဲ့ အခါကျ ဆင့်ကဲဆင့်ကဲတွေ ရွှေ့ပြောင်း အလုပ်သမားကတော့ ပါကောင်း ပါလာနိုင်တာပဲ။ ဒီမှာဆို ရင် ပါတီနှစ်ခုပဲ ပြောလို့ရတယ်”ဟု ပြောသည်။

ထိုင်းရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီက အခြေခံလစာ ၆၀၀ ရအောင်လုပ်ပေးမည်ဟု စည်းရုံးထားသလို အများ ဆုံးအနိုင်ရခဲ့သည့် Move Forward ပါတီကတော့ အခြေခံလစာ ၄၅၀ ဘတ် ရအောင်လုပ်ပေးမည်ဟု စည်းရုံးထားကြ သည့်အတွက် လုပ်ငန်းရှင်များနှင့် အဆင်မပြေမှုများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

 ဖြူးထိုင်းပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်

ဦးမင်းဦးက “ အခုအနိုင်ရတဲ့ ထိပ်ဆုံးကဖြစ်တဲ့ ပါတီဆိုရင် သူက အခြေခံလစာကို ၄၅၀ သူ့ရဲ့ သတ်မှတ်တဲ့ ဟာပေါ့ ပြည့်အောင်လုပ်ပေးမယ် သူက ကြုံးဝါးပြီးတော့ ပြောတယ်။ အဲဒီလိုပဲ ဖြူးထိုင်းပါတီဆို လည်း ၆၀၀ လို့ပြောတယ်။ FTA ဆိုတာ ဗမာလိုဆို စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အဲဒီလိုခေါ်တာပေါ့။ သူတို့ တွေက တခါတည်း အခုဆို ပြောနေပြီ ဒီပါတီနှစ်ရပ်က နိုင်တာဟုတ်တယ်။ ဒီပါတီနှစ်ရပ် ကြုံးဝါးလာတာက အခြေခံ လစာသည် ဒီလောက်ဖြစ်အောင် လုပ်ပေးမယ် ပြောထားတာရှိတယ်။ သူတို့က ထောက်ပြတာ အလုပ် သမား အရေးနဲ့ပတ်သက်တဲ့ မူဝါဒကို လုပ်ပြီဆိုရင် သတိထားပြီးလုပ်ဖို့။ အဲဒါကို လုပ်မယ်ဆိုရင် ဘာတွေဖြစ်သွား မလဲဆိုတော့ အသေးစား လုပ်ငန်းတွေ အဲဒီမှာ ပြဿနာတက်နိုင်တယ်။ အဲဒီမှာ အလုပ်အကိုင်တွေက လျော့နိုင် တယ်။ အဲဒီအခါကျရင် အလုပ်သမားတွေ လျော့တာဖြစ်မယ် အလုပ်ပြုတ်မယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ ဆိုရင် တိုက်ရိုက်ကို ထိလာနိုင်တဲ့ သဘောရှိတာပဲ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် Move Forward ပါတီ၏ ဘုရင်စနစ်အား စော်ကားခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်ရန် အစီအစဉ်သည် ပါတီကြီးနှစ်ခုကြား သဘောထား ကွဲလွဲစရာ အကြောင်းပြချက် တစ်ခု ဖြစ်လာနိုင်ကြောင်းလည်း ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန် သီရိကောက သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောထားသည်။

ထို့ကြောင့် အစိုးရသစ်ဖွဲ့စည်းမှု၌ နိုင်ငံရေးသမားများကြားထဲတွင် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ကာ ဆန္ဒပြမှု များဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ၎င်းတို့၏ မည်သည့် နိုင်ငံရေး ကိစ္စတွင်မဆို ပါဝင် ပတ်သက်ခြင်း မပြုလုပ်ကြရန် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်း ဌာနသို့ ပြောသည်။

ပရာယွတ်နဲ့ သူ့ရဲ့ပါတီကို တွေ့ရစဉ်

ကိုသားကြီးက “အဓိကကတော့ ကျနော်တို့ နိုင်ငံသားတွေပဲပေါ့။ ထိုင်းမှာနေတဲ့အခါ ထိုင်းနိုင်ငံ တည်ဆဲဥပဒေကို လိုက်နာရမှာ နံပါတ်တစ်ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့သည် နိုင်ငံခြားသား ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရေးကို ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ဖို့လည်း အက္ခရာကျတာပေါ့။ တကယ်လို့များ ကျနော်တို့က အုတ်ရောရော ကျောက်ရောရော သွားပြီးတော့မှ ဝင်ရောက် စွက်ဖက်ခဲ့မယ်ဆိုရင်တော့ တရားဥပဒေအရ အရေးယူနိုင်သလို ဒီလို မတည်ငြိမ်မှု ဖြစ်တဲ့ကာလမှ အသုံးချခံ ဖြစ်သွားနိုင်တာပေါ့။ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံ သား အားလုံးသည် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေကို ကျနော်တို့ မပတ်သက်တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် ထိုင်းရဲ့ နိုင်ငံရေး ဘယ်လိုအခန်းကဏ္ဍမျိုးကိုမှ ဝင်ရောက် စွက်ဖက်ပြီးတော့ အလုပ်သမားတွေကို ထင်ယောင် ထင်မှား ဖြစ်စေတဲ့ အပြုအမူမျိုးတွေ မလုပ်ပါနဲ့လို့” ဟု ပြောသည်။

ထိုင်းရွေးကောက်ပွဲတွင် နေရာအများဆုံး အနိုင်ရရှိခဲ့သည့် Move Forward Party (MFP) ခေါင်းဆောင် ပီတာ လင်ဂျာ ရိုရန်ရတ်က နိုင်ငံရေးပါတီ ၈ ပါတီ ပါဝင်သည့် ညွှန့်ပေါင်းအစိုးရတစ်ရပ် အစီအစဉ်နှင့်ပတ်သက်၍ ယနေ့ မေလ ၁၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ရေးသားဖော်ပြ ထားသည်။

Move Forward ပါတီ ခေါင်းဆောင်သည် ထိုင်းဘုရင်စနစ်အား ပြောင်းလဲချင်သူဖြစ်သည့်အပြင် ဗျူရိုကရေစီစနစ် ကို ပြုပြင်ပြောင်းလဲရန် အပါအဝင် မဖြစ်မနေ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းရန် ရည်ရွယ်သည့် ဥပဒေ မူကြမ်း ၄၅ ခုကို လွှတ်တော်ပြန်စသည့် အခါတွင် ပြင်ဆင်သွားရန် လျာထားကြောင်းလည်း သိရသည်။

လက်ရှိတွင် အာဏာသိမ်းခံထားရသည့် အနေအထားမှ အရပ်သားအစိုးရစနစ်သို့ ပြောင်းလဲတော့မည် ဖြစ်သဖြင့် ထိုင်းပြည်သူများ အပါအဝင် ရွှေ့ပြောင်းလုပ်သားများမှာလည်း ကျေနပ်ကြိုဆိုသော်လည်း ထိုင်း၏ အစဉ်အလာ အရ အာဏာသိမ်းမှု ထပ်မံဖြစ်ပွား လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။