CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂

ထိုင်းနိုင်ငံသားများအနေဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းများအပေါ် ယခင်ကထက် ပိုမိုအမြင်မကြည် ဖြစ်လာကြကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းဦးရေမှာ ပိုမိုဖောင်းပွလာနေကာ Live လွှင့်ဈေးရောင်းခြင်း၊ အထောက်အထား ပြုလုပ်ပေးခြင်း၊ ပွဲစားများပြုလုပ်ခြင်း စသည်တို့ကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြသည့် အတွက် ထိုင်းနိုင်ငံသားများအတွက် အမြင်မကြည်ဖြစ်စေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က “ကျနော်တို့ နိုင်ငံသားတွေက ဝင်ပြီးမှ လုယူ သလို ဖြစ်သွားတာပေါ့။ ဥပမာ အွန်လိုင်းဈေးရောင်းတဲ့ လုပ်ငန်းတွေမှာ မြန်မာလုပ်သားတွေက တော်တော်များ များ လုပ်နေကြတယ်။ ဒါပေမယ့် အဲဒါတွေက တားမြစ်ထားတဲ့ လုပ်ငန်း အမျိုးအစားတွေထဲမှာ ပါနေတဲ့အတွက် ကြောင့် မြန်မာနိုင်ငံသား အများစု တော်တော်များများ online shopping တွေ တအားလုပ်နေကြတဲ့အခါမှာ သူတို့ ကိုယ်တိုင် ဈေးဆိုင်ဖွင့်လှစ်ပြီး ရောင်းချတာတို့၊ သူတို့လုပ်နေတဲ့ ရောင်းအားကျသွားတဲ့အခါမှာ ဒါတွေကို နိုင်ငံတော်အစိုးရကို တင်ပြပြီးမှ ဒါတွေကို တားမြစ်ပေးပါဆိုပြီး တောင်းဆိုတာတွေရှိတယ်။ ဒါကြောင့်မို့လို့ အဲဒီ ဟာတွေက အခုနောက်ပိုင်းမှာ အဖမ်းအဆီး လုပ်မယ်၊ အရေးယူမယ်ဆိုတာတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးထားစဉ်

တိုင်းတစ်ပါးနိုင်ငံ၏ ဥပဒေများအား သေချာစွာ မလေ့လာထားဘဲ မြန်မာနိုင်ငံကဲ့သို့ ပြုမူနေထိုင် လုပ်ကိုင်နေကြ သည့်အတွက် ပိုမိုအမြင်မကြည် လာကြခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားများအရေး ကူညီပေးနေသူများက ထောက်ပြကြသည်။

ထိုင်းနိုင်ငံတွင် တားမြစ်ထားသည့် လုပ်ငန်းများအား လုပ်ကိုင်ကြရာတွင်လည်း အထောက်အထား ရှိသူများ သာမက အထောက်အထား မရှိသူများပါ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက အထောက် အထား မရှိဘဲ Live လွှင့် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံလိုက်ရသည်။

ထို့အပြင် အထောက်အထား ပြုလုပ်သည့် ကိစ္စနှင့်ပတ်သက်၍ ဗွီဒီယိုရိုက်ကူးပြီး ဖော်ပြထားသည့် မြန်မာ အမျိုးသမီးနှင့် ပတ်သက်၍လည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုင်းတွင် အာဏာပိုင်များမှ AI နည်းပညာ အသုံးပြု၍ ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံ သားများ အနေဖြင့် သတိပြုနေထိုင်ကြရန် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှအလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအာဏာပိုင်များက ရွှေ့ပြောင်းလုပ်သား တစ်ဦးကို စစ်ဆေးနေစဉ်

၎င်းက “နောက်ဆို ဒီထက်ပိုဖြစ်မှာပါ။ ဘာလို့ဆို မြန်မာတွေ ထင်တာက ကိုယ်ပြောချင်တာပြောလိုက်ရင် ပြီးသွား တယ် လို့ထင်တာ။ မဟုတ်ဘူး ဒီခေတ်က AI သုံးပြီးတော့ ရှာဖွေတာ ပိုပြီးတိကျလာတယ်။ တစ်ခုခုဆိုတာနဲ့ ထိုင်း တွေက AI နဲ့ ပြန်လိုက်ရင် အကုန်လုံး သိနေပြီလေ။ ဆိုတော့ ပြဿနာတွေက ပိုတက်မှာပေါ့နော်။ ပြောရရင်တော့ သတိလေးနဲ့ နေမှရမယ့် သဘောပေါ့။ အလုပ်သမားတွေကလည်း အများကြီးဆိုတော့။ အခုကာလမှာကတော့ တော်တော်လေး ဆိုးနေတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ တွေ့နေရတာတော့ ဆိုရှယ် မီဒီယာတွေကတဆင့် ကျနော်တို့ မြန်မာတွေက မသိဘဲ လုပ်လိုက်မိတဲ့ ဟာတွေက အကျိုးသက်ရောက်မှု တွေဖြစ်တာပေါ့။ အချိန်တော့ နည်းနည်း ပြန်ပေးရမယ်ထင်တယ် ” ဟု ပြောသည်။

ထို့အပြင် လက်ရှိ ထိုင်းအစိုးရအသစ်၏ မူဝါဒများကိုလည်း စောင့်ကြည့်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ အနေ ဖြင့် ၎င်းနိုင်ငံ၏ ဥပဒေများကို သေချာလေ့လာပြီးမှ အလုပ်များအား လုပ်ကိုင်ကြရန် ရွှေ့ပြောင်းလုပ်သားများ အရေး ကူညီပေးနေသူများက အကြံပြုကြသည်။