CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂

ပြည်တွင်းတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေများ စိုးရိမ်ရသဖြင့် လာမည့် ပွင့်လင်းရာသီ၌ ပြည်တွင်းခရီးသွားလာမှုများ လျော့ကျနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တွေထံမှ သိရသည်။

နယ်မြေမတည်ငြိမ်မှုများကြောင့် ကန့်သတ်နယ်မြေသတ်မှတ်ထားမှုမှာလည်း ပိုမိုများပြားလာသဖြင့် ခရီးသွား လာရန် ဒေသခရီးစဉ်များ ယခင်ထက်လျော့နည်းလာကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသက်တိုးလွင်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “အခုကတော့ ကန့်သတ်နယ်မြေတွေ များလာတာပေါ့နော်။ မန္တလေးတောင် ကျနော်တို့ ဧည့်သည်တွေ လာရင် မန္တလေးတောင် မတက်ရတော့ဘူး။ နောက် မင်းကွန်းဘက်တွေလည်း သွားလို့မရတော့ဘူး။ အဲ့လို ဖြစ်လာတာပေါ့နော်။ ခရီးစဥ်တွေထဲမှာ ကျနော်တို့ ထည့်ထားတာကို အင်းဝတို့ မင်းကွန်းတို့ ပါတယ်ဆိုပေမယ့် အခုသွားလို့မရဘူးပေါ့နော်။ မန္တလေးတောင် တက်တာတောင်မှ ကျနော်တို့ မနည်းပြောဆိုတက်ရတာပေါ့နော်။ အဲ့လိုမျိုးတွေတော့ရှိတယ်။ အင်းလေးဆိုလည်း အလားတူပဲ ဖယ်ခုံတို့ ဟိုဘက်တွေ သွားလို့မရဘူးပေါ့နော်။ ချင်းတို့ ကယားတို့ ရခိုင်တို့ ငပလီတို့နော်၊ နောက် ရှမ်းမြောက်တို့ ရှမ်းတောင်တို့ အခြေအနေက ပြောလို့မရဘူး ပေါ့နော်။ အင်းလေးတော့ သွားနေတုန်းပေါ့ ကျနော်တို့ ဧည့်သည်တွေ၊ နောက်ပြီး ဒီ တနင်္သာရီလည်းမရဘူး။ ကျိုက်ထီးရိုးတော့သွားတယ် ကျနော်ဧည့်သည်တွေက ကျိုက်ထီးရိုးတော့သွားကြပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်များက ပြည်တွင်းခရီးသွား ၇ သန်းခန့် ရှိခဲ့သော်လည်း ယခုအခါ ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီများပြတ်လပ်ခြင်းတို့ကြောင့် ကုန်းလမ်းကြောင်းဖြင့် ခရီးသွားလာမှုတွင် အခက်အခဲများ ရှိနိုင်သည့် အတွက် နည်းပါးသွားနိုင်ကြောင်း သုံးသပ်ကြသည်။

ထို့အပြင် လမ်းခရီးတွင် လူငယ်များ၊ လူလတ်ပိုင်းများအနေဖြင့် စစ်ဆေးမေးမြန်းမှုများလည်း ကြုံတွေ့ရကြောင်း သိရသည်။

လက်ရှိတွင် ပုဂံ၊ အင်းလေး၊ ကလော၊ ရန်ကုန်၊ ပဲခူး၊ ကျိုက်ထီးရိုး၊ ငွေဆောင်၊ ချောင်းသာ စသည့် ဒေသများကိုသာ ခရီးသွားလာရန် အဆင်ပြေကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လုံခြုံမှုမရှိသဖြင့် ယခင်နှစ်များထက် ပြည်ပမှဝင်ရောက်သည့် ခရီးသွားဦးရေမှာ လျော့ကျသွားနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင် ဦးသက်တိုးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ကမ်းခြေတွင် ခရီးသွားများကို တွေ့ရစဥ်

၎င်းက “မနှစ်ကတော့ အဝင်ကို 1.2 Million လို့ ပြောခဲ့တယ်။ ဟိုးတစ်နှစ်တုန်းကတော့ ၄၊ ၅ သိန်း လောက် ရှိတယ်။ ဒါပေမယ့် 1.2 Million ဆိုတာ နိုင်ငံတကာဧည့်သည်ပေါ့၊ International Visitor တွေက ဝင်ပေါက်က ကြည့်မယ်ဆိုရင်တော့ ၂ သိန်းခွဲပဲရှိတာ ရန်ကုန်က။ ကျန်တာတွေက border တွေက ကြည့်တာပေါ့နော်။ မူဆယ်တို့ တာချီလိတ်တို့ ကော့သောင်း ဝင်ပေါက်တို့ကကြည့်တာ။ အခုကြတော့ မူဆယ်ဝင်ပေါက်ကလည်း မသေချာတော့ဘူး၊ ပိတ်သွားပြီ။ တာချီလိတ်ဝင်ပေါက်နဲ့ ကော့သောင်းဝင်ပေါက်ဆိုတာလည်း Visitors Active လို့ပဲပြောရမှာပေါ့နော်။ ဒီနှစ်ကတော့ ကျနော်ထင်တယ် အီလည်လည်ပဲ ဖြစ်ဦးမှာ” ဟု ပြောသည်။

ပြည်တွင်းခရီးသွားလာမှုများသည့် ပုဂံဒေသတွင် လက်ရှိ ခရီးသွားလာမှုအခြေအနေ နည်းပါနေသော်လည်း လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ပုဂံ၊ ညောင်ဦး ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင် ကိုကျော်စွာလင်းက CNI သတင်းဌာန သိုပြောသည်။

၎င်းက “ ကျနော်တို့ လက်ရှိအခြေအနေအရကတော့ ပြည်ပကလည်း လာကြတဲ့ အဖွဲတွေလည်း ရှိတယ်ပေါ့နော်။ အဓိကတော့ ကျနော်တို့ကတော့ local ပေါ့၊ လက်ရှိအခြေအနေအရတော့ ကျနော်တို့ local ပေါ့။ ပြည်တွင်းက ဘုရားဖူးလာမယ့် အဖွဲတွေကို ကျနော်တို့က ပိုပြီးတော့ အလေးထား မျှော်လင့်ပါတယ်”ဟု ပြောသည်။

ယခုအခြေအနေအရ  ပြည်တွင်း၊ ပြည်ပ ခရီးသွားများ နည်းပါးနေသကဲ့သို့ ပြည်တွင်း၌ နေထိုင်သည့် နိုင်ငံခြားသား အနည်းငယ်ကိုသာ တွေ့ရကြောင်း သိရသည်။

ထို့အပြင် ခရီးသွားလုပ်ငန်းကို အမှီပြု အသက်မွေးဝမ်းကျောင်းပြုသူများအတွက်လည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်။