CNI International News

ပေကျင်း၊ စက်တင်ဘာ ၁၁

တရုတ်အစိုးရက အာဖရိကနိုင်ငံပေါင်း ၃၀ ကျော်ကို အတိုးမဲ့ချေးငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ သော်လည်း ထိုအစီအစဉ်သည် အာဖရိကနိုင်ငံများ၏ အလုံးစုံ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် အနည်းငယ် သာ ထိရောက်မှုရှိသည်ဟု လေ့လာသူများက ပြောကြားခဲ့ကြောင်း SCMP မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဘေကျင်း (Beijing) မြို့တော်တွင် ပြုလုပ်ခဲ့သည့် တရုတ်-အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် (FOCAC) ညီလာခံ၌ ယခုနှစ်ကုန်ပိုင်းမှစပြီး အာဖရိကနိုင်ငံ ၃၃ နိုင်ငံကို အစိုးရအချင်းချင်း အတိုးမဲ့ချေးငွေ များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

အတိုးမဲ့ချေးငွေ ထုတ်ပေးမည့် အစီအစဉ်သည် FOCAC ညီလာခံတွင် အမြဲလိုလို အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။

၂၀၂၂ ခုနှစ်ကလည်း တရုတ်သည် အာဖရိကနိုင်ငံ ၁၇ နိုင်ငံ၏ ချေးငွေ ၂၃ ခုကို အကြွေးများ လျှော်ပစ်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ထိုအစီအစဉ်သည် ၂၀၂၁ ခုနှစ်က စတင်လုပ်ဆောင်ခဲ့သည့် အစီအစဉ်၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည်။

တရုတ်နဲ့အာဖရိကနိုင်ငံများ ညီလာခံကိုတွေ့ရစဉ်

ထိုချေးငွေများကို တရုတ်၏ ပြည်ပအကူအညီပေးရေး အေဂျင်စီဖြစ်သည့် တရုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ကိုင်တွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုသို့ အတိုးမဲ့ချေးငွေ ထုတ်ပေးမည့် အစီအစဉ်သည် အာဖရိကနိုင်ငံများကို ထုတ်ချေးထားသည့် တရုတ်၏ ချေးငွေ စုစုပေါင်းနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းသာ ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြား ခဲ့သည်။

တရုတ်၏ အခြားချေးငွေ အများစုတွင်  China Exim ဘဏ်နှင့် China Development ဘဏ်တို့ အပါအဝင် တရုတ် အစိုးရ၏ မူဝါဒများကို မြှင့်တင်နေသည့် နိုင်ငံပိုင်ဘဏ်များထံမှဖြစ်ပြီး ချေးငွေစီမံကိန်း အများစုမှာလည်း တရုတ် ၏ ကမ္ဘာလံးဆိုင်ရာ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ကွန်ရက်ဖြစ်သည့် Belt and Road Initiative အစီအစဉ်၏ အောက်တွင်ရှိနေသည့် စီမံကိန်းများဖြစ်သည်။

 ရှီကျင့်ဖျင်နဲ့ အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

ထိုသို့ အတိုးမဲ့ချေးငွေများ ထုတ်ချေးခြင်းနှင့် အကြွေးအချို့ကို လျှော်ပစ်ခြင်းတို့သည် တရုတ်၏ ကြွေးမြီ ထောင်ချောက် သံတမန် ပရိယာယ်နှင့်ပတ်သက်သည့် စွပ်စွဲချက်များကို လျော့ပါးစေရန် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့သည်။

တရုတ်အစိုးရကမူ အာဖရိကတိုက်၏ ကြွေးမြီပြသနာကို ဖြေရှင်းရာတွင် ကမ္ဘာ့ဘဏ်ကဲ့သို့ ငွေကြေးအဖွဲ့အစည်း များကလည်း မျှဝေထမ်းဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Source: SCMP