CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁

ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံကျဆင်းလာသဖြင့် မြန်မာကျပ်ငွေ တန်ဖိုး ပြန်မာလာပြီလားဟု ပြည်သူများအကြား မေးခွန်းထုတ်လျက်ရှိသည်။

နိုင်ငံခြားငွေဈေး ကျဆင်းခြင်းသည် ကျပ်ငွေတန်ဖိုး ပြန်မာလာခြင်းကြောင့်ဟု ပြောရန်မှာ စောလွန်းသေးကြောင်း၊ လက်ရှိ နိုင်ငံခြားငွေ ကျဆင်းခြင်းမှာ ဒေါ်လာငွေ ဝယ်လိုအားများသည့် ကိစ္စတစ်ခု ခေတ္တရပ်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြန်မာတယ်လို့ပြောဖို့က စောသေးတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ဒါပေမယ့် ဒေါ်လာငွေ demand ပေါ့ ဒေါ်လာငွေ လိုတဲ့ဟာ ရုတ်တရက် အကြောင်းကိစ္စတွေ ခဏခဏပေါ်ပုံရတယ်။ ကျနော်တို့လည်း တိကျ သေချာ မသိဘူးပေါ့။ တိုင်းပြည်မှာလေ ဒေါ်လာငွေအနုတ်ပေါ့ လိုအပ်တာပေါ့။ အဲဒီကိစ္စတွေ အားလုံးပြီးသွားတဲ့ အချိန်မှာ ပြန်ကျသွားရော။ ဒေါ်လာငွေက လောလောဆယ် ကုန်သွယ်မှုတို့၊ ရင်းနှီးမြှုပ်နှံမှုတို့၊ စီးပွားရေးတို့က မကောင်း ကြဘူးလေ။ အဲဒီအချိန်မှာ ဒေါ်လာကို အကြီးအကျယ် ကုန်သွယ်ရေးကြောင့် လိုစရာအကြောင်းတော့ တအားကြီးမရှိဘူး။ သို့သော်လည်း ဆောင့်ဆောင့်တက်တဲ့ သဘောတရားကြီးကတော့ ဒေါ်လာငွေ အနုတ်က တစ်နေရာရာမှာ တစ်ပွိုင့်ပွိုင့်မှာတော့ တအားများနေတဲ့အချိန်မှာ အဲဒီလိုဖြစ်တာ။ အဲဒီဒေါ်လာငွေ ဝယ်လိုအား တအားများတဲ့ကိစ္စ ခဏရပ်သွားတဲ့သဘောပေါ့။ ဘယ်လိုအကြောင်းတွေကြောင့် ဒေါ်လာငွေလိုလဲက အားလုံးက စဉ်းစားကြည့်ကြရမှာပေါ့လေ” ဟု ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ Wan Yi တွေ့ဆုံစဉ်

ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့ လာပြီးနောက်ပိုင်း နစကနှင့် လုပ်ငန်းသဘော အရ ညှိနှိုင်းသဘောတူညီမှုများ ရရှိခဲ့သည့်အပြင် အကူအညီများလည်း ရရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ ထံက သိရသည်။

ထို(တရုတ်)အကူအညီများ ရရှိခဲ့သည့်အတွက် နိုင်ငံခြားငွေ ဈေးကွက်သို့ သက်ရောက်မှုများရှိနိုင်ကြောင်း၊ ထို့အပြင် ဗဟိုဘဏ်မှလည်း ဒေါ်လာများအား ဈေးကွက်အတွင်းသို့ အလုံးအရင်းဖြင့် ထည့်နေခြင်းကြောင့် လက်ရှိ နိုင်ငံခြားငွေဈေးများ ကျဆင်းနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

ဒေါ်လာငွေကြေး စီးဆင်းမှုကို ထိန်းချုပ်နိုင်ရန်အတွက် မည်သည့် အတိုင်းအတာအထိ လိုအပ်သည်ကို ပြောရန် ခက်သော်လည်း ဗဟိုဘဏ်အနေဖြင့် ဈေးကွက်ထဲသို့ ဒေါ်လာများ မည်သည့် အတိုင်းအတာအထိ ထည့်ပေး မလဲဆိုသည့် ပေါ်လစီအပေါ်သာ မူတည်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်လာကို တွေ့ရစဉ် 

၎င်းက “ဘယ်အတိုင်းအတာ လောက်မှာပဲ ဈေးနှုန်းရှိသင့်တယ်လို့ သူတို့သတ်မှတ်ထားလဲ။ အဲဒီအတိုင်းအတာ ထဲကို မရောက်ရောက်အောင် အစိုးရအနေနဲ့ ဖန်တီးပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီအစိုးရရဲ့ ပေါ်လစီ ကို ဗဟိုဘဏ်က အကောင်အထည်ဖော်တဲ့ အခါမှာလည်း ဒီအပိုင်းကနေ အကောင်အထည်ဖော်မှာဖြစ်တဲ့အတွက် ဘယ်လောက်အထိ ဈေးကွက်ထဲ ထည့်မယ်ဆိုတာ ပြောရခက်ပေမယ့် သူတို့လိုချင်တဲ့ ပမာဏပေါ့နော်။ ကျနော် ခန့်မှန်းချက်အရတော့ အစိုးရအနေနဲ့ ဒေါ်လာဈေးကို ၅၀၀၀ အောက်အထိကို လျှော့ချဖို့အတွက် ပြင်ဆင်နေ တယ်လို့ကြားတယ်။ ၅၀၀၀ ထက် ပိုမများသွားဖို့အတွက် သူတို့ပြင်ဆင်တာတွေ လုပ်နေတယ် ဆိုတဲ့အခါ တစ်ဒေါ်လာ ငွေဈေးနှုန်းက ၅၀၀၀ အောက်ကျတယ်ဆိုရင် အရင်အခြေအနေ ထက်စာရင်တော့ ကောင်းတယ် ပေါ့နော်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ၄၀၀၀ ပတ်ချာလည်၊ ၃၉၀၀ ပတ်ချာလည်၊ ၃၈၀၀ ပတ်ချာလည် ဖြစ်သွားရင်တော့ အလွန်ကောင်းတဲ့ ကိစ္စပဲပေါ့နော်” ဟု ပြောသည်။

သို့သော် ထိုဈေးနှုန်း အနေအထားထိသို့ ပြန်လည်ရောက်ရှိရန်မှာ ခက်ခဲလှမည့် အနေအထားဖြစ်ကြောင်းလည်း ဦးအောင်ပြည့်စုံက ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေဈေးများ ကျဆင်းလာသည့် အခါတိုင်း ဈေးပြန်တက်ရန် ရည်ရွယ် ချက်ဖြင့် မသမာမှုများ လုပ်ဆောင်တတ်လေ့ရှိသဖြင့် ထိုအပေါ် အစိုးရဌာနဆိုင်ရာမှ အဂတိကင်းကင်းဖြင့် ဖမ်းဆီး ထိန်းချုပ်ရန် လိုအပ်ကြောင်းလည်း ထောက်ပြကြသည်။