CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံ၏ ငွေကြေးမတည်ငြိမ်မှုများ ကြားထဲတွင် မည်သည့် အစုအဖွဲ့များ သို့မဟုတ် ပုဂ္ဂိုလ်များ အမြတ်ရပြီး မည်သူများ အရှုံးပေါ်နေသလဲ ဆိုသည့်အပေါ် ပြည်သူလူထုအကြား မေးခွန်းထုတ်လျက်ရှိနေသည်။

နိုင်ငံခြားငွေ ဈေးကွက်အပေါ် ဝင်ရောက်မွှေနှောက်နိုင်ရန်မှာ ငွေကြေးအင်အား ရှိသူများသာ လုပ်ဆောင်နိုင် ကြောင်း၊ ယခုကဲ့သို့ ငွေကြေး မတည်မငြိမ်မှုတွင် အဓိက အကျိုးအမြတ်ရသူမှာ ၎င်းတို့သာဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုအင်အားစုများကို ထိန်းချုပ်နိုင်ရန် အာဏာပိုင်များဘက်မှ လုပ်နိုင်သည့် စွမ်းအားနှင့် ငွေကြေးအင်အား မရှိသည့်အတွက် ငွေကြေးဈေးကွက်မှာ ကမောက်ကမ ဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “ပါဆယ်ဂိမ်း ကစားတတ်တဲ့သူ ကစားနိုင်တဲ့သူမှာ အကျိုးအမြတ် ရသွား တာပဲ။ မြေတွေတုန်းကလည်း အဲဒီလိုပဲလေ။ ဆွဲတင်ဆွဲတင် ရသလောက်ဆွဲတင်တယ်။ ဟိုးအပေါ်ဆုံး  ရောက် တော့မှ ပြန်ပြီးတော့ လွှတ်ချလိုက်တယ်။ ဘယ်သူတွေ အကျိုးအမြတ်ရလဲဆိုတော့ မျက်စိကြီးကြီး နားကြီးကြီးနဲ့ ဈေးကွက်ထဲကို ဝင်ပြီးမွှေနိုင်တဲ့သူတွေ၊ ပြီးတော့ အဲဒီလို မွှေနိုင်ဖို့အတွက် ငွေကြေးအင်အားရှိတဲ့သူတွေ သူတို့ အကျိုးအမြတ် ရသွားတယ်ပဲ ပြောရမှာပေါ့။ ထိန်းဖို့ဆိုတာက ကိုယ့်ဆီမှာ အင်အားလိုတာပေါ့။ ဗဟိုဘဏ်လိုဟာ မျိုးက တကယ့် strong ဖြစ်တယ်။ သူ့ဆီမှာ နိုင်ငံခြားငွေ အလုံအလောက်ရှိတယ်ဆိုရင် တက်စမ်းကြိုက် သလောက်၊ တက်တဲ့အချိန်မှာ သူကဈေးကွက်ကို သူလိုချင်တဲ့ဈေးနဲ့ ထားချင်တဲ့ Level မှာ ဈေးသတ်မှတ်ပြီးတော့ သူထုတ်ရောင်း ပေးလိုက်ရင် ငြိမ်သွားမှာပဲ။ အလားတူပဲ ဗဟိုဘဏ်က အရန်ရွှေတွေ ရှိတယ်။ ရွှေဈေးတအား တက်တယ် ထုတ်ရောင်းပေးလိုက် အဲဒါဆို ငြိမ်သွားမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

 စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ဗဟိုဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးကို ဒေါ်လာ ထုတ်ရောင်းပေးခြင်း မဟုတ်သည့်အတွက် အချို့စီးပွားရေးလုပ်ငန်းရှင်များမှာ ဒေါ်လာအား ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူရကြောင်း၊ ထို့အပြင် လက်ရှိတွင် ပြည်ပ ထွက်ခွာသူများသဖြင့် ဒေါ်လာလိုအပ်ချက်မှာ ပိုမိုများပြားလာကြောင်း ထောက်ပြကြသည်။

ထို့အပြင် အချို့ SME လုပ်ငန်းများမှာလည်း ငွေကြေး မတည်ငြိမ်မှုများကြောင့် မလည်ပတ်နိုင်သဖြင့် ရပ်နား သွားခြင်းများရှိကြောင်းလည်း သိရသည်။

ငွေကြေး မတည်ငြိမ်မှုကြောင့် အမှန်တကယ် ဒေါ်လာ လိုအပ်သူများအတွက် အခက်ဖြစ်စေသော်လည်း ပြင်ပ ပေါက်ဈေးအတိုင်း ဝယ်ယူရသည့် စီးပွားရေးလုပ်ငန်းရှင်များမှာမူ ၎င်းတို့၏ ကုန်ပစ္စည်းတွင် အမြတ်တင်ရောင်း သဖြင့် အရှုံးမရှိကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်းက ဈေးသည်တစ်ဦးကိုတွေ့ရစဉ်

၎င်းက “အောက်ခြေ လူတန်းစားပေါ့ blue corner လို့ခေါ်တဲ့ အောက်ခြေလူတန်းစားရဲ့ တစ်ရက်ဝင်ငွေ ဥပမာ တစ်သောင်းပဲ သတ်မှတ်တာပေါ့။ တကယ်တမ်းတော့ အဲဒီလောက်မရဘူး။ အဲဒီလို သတ်မှတ်လိုက်တယ်ဆိုရင် အခု မြန်မာနိုင်ငံမှာရှိနေတဲ့ လူသုံးကုန် စားသုံးကုန်တွေ တော်တော်များများသည် နိုင်ငံခြားကနေ import လုပ် လာတယ် ဆန်တို့ ဘာတို့ကလွဲလို့။ အဲဒီဟာတွေက ဒေါ်လာဈေးအပေါ် မူတည်ပြီးတွက်ချက်ပြီးမှ ပြန်ရောင်းတာ ဖြစ်တဲ့အတွက် အရင်တုန်းက ၂၀၀၀ တန်ပစ္စည်းက အခုဆိုရင် ၇၀၀၀၊ ၈၀၀၀၊ ၁၀၀၀၀ လောက်တောင် ဖြစ်နေပြီ ပေါ့။ အဲဒီမှာ သူတို့ရဲ့ ဝင်ငွေက လိုက်တိုးမလာဘူး။ လိုက်တိုးမလာဘဲနဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်ကြည့်တဲ့ အချိန်မှာ အောက်ခြေလူတန်းစားက အဓိကခံရတာပေါ့။ ပြီးရင် middle class ပေါ့။ ထိတာတော့ အကုန်လုံး ထိကြတယ်။ စားဝတ်နေရေးမှာ ဝင်ငွေလိုက်မတိုးလာပဲ ကုန်ဈေးနှုန်းပဲ တက်နေရင်တော့ အကုန်လုံးက ထိမှာပဲပေါ့။ စုထား ဆောင်းထားတာတွေ ရှိနေလို့ ထမင်းနပ်မှန်အောင် စားနေရတယ်ဆိုတဲ့ လူတန်းစားရှိမယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးနှုန်းသည် ယခင် ၅၀၀၀ ကျော်ကနေ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ၄၉၀၀ ဝန်းကျင် သို့ ကျဆင်းလာနေကြောင်း၊ ထိုသို့ ကျဆင်းခြင်းသည် ကမ္ဘာ့ဒေါ်လာဈေး ကျဆင်းနေမှု၏ သက်ရောက်မှု ဖြစ်နိုင် ကြောင်းလည်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ထို့အပြင် ဘဏ်များမှလည်း အတိုးနှုန်းများ မြှင့်တင်ပေးလိုက်ခြင်းနှင့် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်း ပေးခြင်းတို့ကြောင့်လည်း နိုင်ငံခြားငွေ လတ်တလော တည်ငြိမ်နေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။