CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၇

ထိုင်းလူမျိုးများကို တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ပေးမည့် အစီအစဉ်အတွက် အစိုးရတွင် ငွေကြေးအလုံအလောက် ရှိ/မရှိ  မသေချာသဖြင့် ထောက်ပံ့ငွေ ဒုတိယအသုတ်ကို အရစ်ကျ ခွဲပေးရဖွယ် ရှိကြောင်း ထိုင်းဒုတိယဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အမ်မွန်ဗီဗက် (Julapun Amornvivat) က ဝန်ခံပြောဆိုခဲ့ သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ဘတ်ဂျက် မလုံလောက်ပါက ငွေကြေးထောက်ပံ့မှု ဒုတိယအသုတ်ကို ဘတ် ၅၀၀၀ စီ နှစ်ကြိမ်ခွဲပြီး ထောက်ပံ့ပေး မည်ဟု ဂျူလာပန်က ပြောသည်။

ထောက်ပံ့ငွေ ပထမအသုတ်တွင် ငွေကြေးလက်ခံသူများ၏ ဘဏ်အကောင့်များထဲကို ငွေများထည့်ပေးခြင်းဖြစ်ပြီး ဒုတိယအသုတ်ကိုမူ digital wallet system အရ မိုဘိုင်းဖုန်းများ၌ ဖွင့်ထားသည့် ဒစ်ဂျစ်တယ်ငွေကြေး အက်ပလီကေးရှင်းများထဲသို့ ထည့်ပေးမည့်စနစ်ကို ကျင့်သုံးမည်ဟုဆိုသည်။

ဒစ်ဂျစ်တယ်ငွေကြေး ပေးခြေမှုကို တွေ့ရစဉ်

အဆိုပါ ငွေကြေးထောက်ပံ့မှု အစီအစဉ်ကို လက်ခံရယူရန် စာရင်းပေးသွင်းခဲ့သူ စုစုပေါင်း ၃၆ သန်းရှိခဲ့ပြီး ပထမ အသုတ် ဦးစားပေး ထောက်ပံ့ပေးခဲ့သူ ၁၀ သန်းသည် ဆင်းရဲနွမ်းပါးသူများနှင့် မသန်စွမ်းများပါဝင်သည့် အုပ်စုဖြစ် သည်ဟု ဂျူလာပန်က ပြောသည်။

ထို့ကြောင့် ကျန်ရှိသည့် လူ ၂၆ သန်းသည် ဒုတိယအသုတ်တွင် ထောက်ပံ့ငွေများကို လက်ခံရရှိမည်ဖြစ်သည်။

ဆင်းရဲနွမ်းပါးသူများနှင့် လူမှုဖူလုံရေးကဒ်များ ကိုင်ဆောင်ထားသည့် ပထမအသုတ်ထဲတွင် ပါဝင်သောလူများကို စက်တင်ဘာ ၃၀ ရက်တွင် အပြီးသတ် ငွေကြေးထောက်ပံ့ပေးပြီးပါက အစိုးရသည် စမတ်ဖုန်းမရှိသည့် ငွေကြေး လက်ခံရရှိသူများကို စာရင်းကောက်သွားမည်ဖြစ်သည်။

စမတ်ဖုန်းမရှိသည့် ဆင်းရဲနွမ်းပါးသူ အရေအတွက် ၄ သန်းခန့်ရှိလိမ့်မည်ဟု အစိုးရက ခန့်မှန်းထားပြီး ထိုလူ ၄ သန်းခန့်ကို ဒုတိယအသုတ်ထဲတွင် ထည့်သွင်းပြီး ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဂျူလာပန်က ပြော သည်။

မည်သို့ပင်ဆိုစေ ဘတ်ဂျက် အနေအထားပေါ် မူတည်ပြီး ဒုတိယအသုတ် လက်ခံရရှိမည့် သူများသည် တစ်ပြိုင် နက်တည်း သို့မဟုတ် ၂ ကြိမ်ခွဲပြီး ထောက်ပံ့ငွေ လက်ခံရရှိမည်ဖြစ်သည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ပေတုန်တန်က ဦးဆောင်ပြုလုပ်မည့် စီးပွားရေး လှုံ့ဆော်ရေးမူဝါဒ ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဂျူလာပန်က ပြောကြားခဲ့သည်။ 

ထိုင်းဒုတိယဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အမ်မွန်ဗီဗက်ကို တွေ့ရစဉ်

ထိုအစည်းအဝေးကိုမူ မည်သည့်နေ့ရက်တွင် ကျင်းပမည်ဆိုခြင်းကို မသိရသေးပေ။

ထောက်ပံ့ငွေ လက်ခံမည့်သူ အရေအတွက်သည် ၂၆ သန်းထက် ကျော်လွန်ခြင်းမရှိဘဲ အစိုးရတွင်လည်း ဘတ်ဂျက် အလုံအလောက်ရှိမည်ဆိုပါက ထောက်ပံ့ငွေကို တစ်ကြိမ်ထဲနှင့် အပြီးပေးမည်ဖြစ်သည်။

သို့သော် ဘတ်ဂျက်သည် ဘတ် ၁၀၀ ဘီလျံ လိုအပ်မည်ဆိုပါက ထောက်ပံ့ငွေကို ၂ ကြိမ် ခွဲပေးမည်ဖြစ်သည်။

ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်သည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရန်နှင့် ပြည်သူများကို ငွေကြေး သုံးစွဲမှု မြင့်တက်စေရန် ဘတ် ၄၅၀ ဘီလျံ တန်ကြေးရှိသည့် အစီအစဉ်ဖြစ်သည်။ 

အခြားစီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် နည်းပညာနှင့် အခြားစီးပွားရေး လုပ်ငန်းများ ပါဝင်သည်။

Source: The Nation