CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉

တရှိန်ထိုးမြင့်တက်သွားသည့် နိုင်ငံခြားငွေဈေးနှုန်းများသည် ယခုရက်ပိုင်းအတွင်း တရွေ့ရွေ့ဖြင့် ပြန်လည် ကျဆင်းလာနေသော်လည်း ကုန်ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းသွားခြင်း မရှိမှုအပေါ် သက်ဆိုင်ရာ ကုန်သည် လုပ်ငန်းရှင်များအသင်းမှ ထိန်းချုပ်ရန်လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းတစ်ခုအား နိုင်ငံခြားငွေ ဈေးတက်သည့်အခါတွင် ဝယ်ယူလိုက်မိပါက ထိုကုန်ပစ္စည်း၏ တန်ဖိုးအား တိုးမြှင့်၍ရောင်းချကြသည်။

သို့သော် နိုင်ငံခြားငွေဈေး ပြန်လည်ကျဆင်းချိန်တွင် ၎င်းကုန်ပစ္စည်း၏ တန်ဖိုးသည်လည်း ယခင်တိုးမြှင့်ထားသည့် နှုန်းထားအတိုင်းသာ ဆက်လက် ရောင်းချနေကြခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်သည်များ၏ ဝယ်ယူရသော နှုန်းထားများမှာ သက်သာနေပြီဆိုပါက ပြန်လည်ရောင်းချသည့် အခါတွင် နှုန်းထားများကိုလည်း ပြန်လည်လျှော့ချ၍ ရောင်းပေးရန်၊ အစိုးရဘက်မှလည်း စည်းကမ်းထုတ် တင်းကြပ်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

သားငါးဈေးကိုတွေ့ရစဉ်

၎င်းက “အဓိကကတော့ ကုန်သည်ကြီးများ အသင်းတို့ အသင်းအဖွဲ့တွေရှိတာပေါ့နော်။ စားအုန်းဆီဆိုလည်း တင်သွင်းရောင်းချသူများအသင်း၊ ဆန်ဆိုလည်း ဆန်ကုန်သည်ကြီးများအသင်း၊ သစ်ဆိုလည်း သစ်လုပ်ငန်းရှင်များ အသင်း အစရှိတဲ့ အသင်းအဖွဲ့တွေနဲ့ အစိုးရတာဝန်ရှိတဲ့ လူတွေနဲ့ တွေ့ဆုံပြီးတော့ ဒီဟာတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် မူဝါဒတွေ ချလို့ရပါတယ်။ လုပ်ငန်းရှင်တွေဆိုတာ ဒီအသင်းအဖွဲ့တွေကနေပဲ တာဝန်ယူပြီး ဆောင်ရွက် ကြတာ ဖြစ်တဲ့အခါကြတော့ ဒါမျိုးတွေကို ထိန်းချုပ်ရင်ရနိုင်တယ်။ ဒါပေမယ့် အချိန်တစ်ခုတော့ ပေးဖို့ပေါ့ ချက်ချင်းကြီး ဒေါ်လာဈေးကျတာနဲ့ ကုန်ဈေးနှုန်းတွေ ကျလာမယ်လို့တော့ မဖြစ်နိုင်ဘူးပေါ့နော်။ လနဲ့ချီပြီး ဈေးက ကျနေဖို့ ငြိမ်နေဖို့လိုတယ်။ ဒီလမှာ ဒီလောက်ကျပြီး နောက်လမှာ ပြန်တက်တယ်ဆိုလည်း ကုန်ဈေးနှုန်း က တည်ငြိမ်မှာ မဟုတ်ဘူးပေါ့နော်။ ကုန်သည်တွေရဲ့ သဘောသဘာဝကလည်း ဝယ်တဲ့အချိန်မှာ ဈေးကြီးမိတာ တစ်ခါမိပြီးသွားရင် ဈေးကြီးမိထားတဲ့ဈေးကို မပြင်ပဲနဲ့ ရောင်းကြတာမျိုးတွေရှိတာပေါ့။ ဒါမျိုးတွေကိုလည်း တကယ့်တကယ် ပုံမှန်ဈေးက သက်သာနေပြီဆိုရင် ပြန်လည်ချပြီးရောင်းပေးဖို့ ကုန်သည်တွေအနေနဲ့လည်း လိုအပ်သလို အစိုးရဘက်ကလည်းဒါမျိုးတွေကို စည်းကမ်းတွေထုတ်ပြီး တင်းကြပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံခြားငွေဈေးများ တရှိန်ထိုး မြင့်တက်သွားခြင်းသည် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်း လာကြသူများက မြန်မာကျပ်ငွေအစား ဒေါ်လာနှင့် ရွှေတို့ကို အများအပြား ဝယ်ယူလာကြသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

ထိုသို့ တရှိန်ထိုး မြင့်တက်သွားသည့် နိုင်ငံခြားငွေဈေးများမှာ ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းသွားခြင်း သည် ၎င်းတို့၏ ဝယ်ယူမှုများ နည်းပါးသွားခြင်းကြောင့် ဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ် သည်။

စီးတီးမတ်ကို တွေ့ရစဉ်

နိုင်ငံခြားငွေဈေး ကျဆင်းသော်လည်း ကုန်ဈေးနှုန်းများ ပြန်မကျခြင်းသည် မြန်မာနိုင်ငံတွင် ယခုမှ ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ ယခင်ကာလများကတည်းက ရှိနေခြင်းဖြစ်ကြောင်း၊ ထိုစနစ်အား ဖျောက်ဖျက်ရန်မှာ မလွယ်ကူသော် လည်း စီးပွားရေးစနစ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါက အဆင်ပြေနိုင်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာ culture က ဒီလိုပဲလာခဲ့တာလေ။ ရင့်ကျက်မှုဆိုတာက အစိုးရတင်မဟုတ်ဘဲ ပြည်သူကလည်း လိုတာလေ၊ ကုန်သည်လည်းလိုတာ။ ကျ‌နော်တို့မှာက‌ တော်တော်လေး အားနည်းတာပေါ့။ အမှန်တော့ ယေဘုံယျ သဘောဆိုရင် ကိုယ်က ဈေးအမြင့်မှာဝယ်ခဲ့တဲ့ ပစ္စည်းလက်ကျန်တွေက ရှိရင်လည်း ရှိနေမှာလေ။ အခုဈေး လောလောဆယ် ရုတ်တရက် မကျသေးဘူးဆိုတာက အမြင့်ဈေးနဲ့ မိထားတဲ့ ပစ္စည်းတွေ ရောင်းထုတ်ဖို့လည်း ခက်နေလို့နေမှာပေါ့လေ။ ဒါ အကောင်းဘက်က တွေးကြည့်တာပါ။ အဓိကက အခြေခံ frame ပဲ။ နိုင်ငံခြားနဲ့ ကူးလူးဆက်ဆံတဲ့အခါမှာ နိုင်ငံခြားငွေက သုံးကိုသုံးရတာကို။ အဲဒါသည် မက်လုံးစနစ်မှန်ဖို့ လိုတာပေါ့” ဟု ပြောသည်။

နိုင်ငံခြားငွေဈေး ကျဆင်းသည်နှင့်တစ်ပြိုင်နက် ကုန်ဈေးနှုန်းများ ချက်ချင်းကျဆင်းရန်မှာ မလွယ်ကူကြောင်း၊ နိုင်ငံခြားငွေ ကျဆင်းမှုသည် လနှင့်ချီပြီး ဖြစ်ပွားခဲ့မည်ဆိုပါက ကုန်ဈေးနှုန်းများမှာလည်း တဖြေးဖြေး ပြိုကျလာ နိုင်ကြောင်းလည်း သုံးသပ်ကြသည်။