CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၉

မြန်မာနိုင်ငံတွင် EV (လျှပ်စစ်ကား) ခရီးသည်တင် အဝေးပြေးကား အစီးရေ ၂၀ ကျော် တင်သွင်းခွင့်ပြုထား ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် EV ခရီးသည်တင် အဝေးပြေးကား ၃ စီး ရောက်ရှိထားပြီး ဖြစ်ကြောင်း သိရသည်

စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်မှာ ရောက်နေတာကတော့ ၃ စီးပေါ့။ ထပ်ပြီးတော့ လာဖို့လည်း ရှိသေးတယ်။ ထပ်ပြီးတော့ လာဖို့ရှိသေးတယ်ဆိုတာ ကျမတို့က ၂၀ ကျော် ခွင့်ပြုထားတာဆိုတော့ အဲ့ ၂၀ ကျော်အကုန် သူ့အချိန်နဲ့သူ ရောက်လာမှာပေါ့နော်။ ဒါက ခွင့်ပြုထားတဲ့ ပမာဏဆိုတော့လေ။ ဘယ်တော့ ရောက်မယ် ဆိုတာကတော့ အဲလိုတော့ အတိအကျပြောလို့ မရဘူးပေါ့နော် " ဟု ပြောသည်။

လက်ရှိ EV အဝေးပြေးကားအား ရန်ကုန်အခြေစိုက် ခရီးသည်တင် ယာဥ်လိုင်းဖြစ်သော မန္တလာမင်းမှ ပြေးဆွဲနေပြီ ဖြစ်သော်လည်း ရာဇာမင်းယာဥ်လိုင်းမှ စက်တင်ဘာလကုန်တွင် EV လျှပ်စစ်ကားဖြင့် စတင်ပြေးဆွဲမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း EV လျှပ်စစ်သုံးကားများဖြင့် ခရီးသည်တင် အဝေးပြေးခရီးစဥ်များ ပြေးဆွဲရန် ယာဉ်လိုင်းအသစ် များမှ ထပ်မံ လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

EV အဝေးပြေးကား စတင်ပြေးဆွဲနေသည့် မန္တလာမင်း ယာဥ်လိုင်းသည် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကိုသာ ကနဦး ပြေးဆွဲနေခြင်းဖြစ်ပြီး တစ်ဦးလျှင် ၂၅၀၀၀ ကျပ်(နှစ်သောင်းခွဲကျပ်) ကျသင့်မည်ဟု သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ ရန်ကုန်-တောင်ငူ-မိတ္ထီလာ-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်းတို့တွင်လည်း ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

မန္တလာမင်းယာဥ်လိုင်းမှ EV ခရီးသည်တင် အဝေးပြေးကားကို တွေ့ရစဥ်

EV ခရီးသည်တင် အဝေးပြေးကားများသည် အပူချိန်မြင့်တက်မှု၊ လေထုညစ်ညမ်းမှုနှင့် လောင်စာဆီ သုံးစွဲမှုကို လျှော့ချပေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ‌ ရောက်ကြောင်း၊ အလားတူ ဆူညံသံကင်းပြီး ခရီးသည်များ ဇိမ်ကျကျ ခရီးသွားနိုင်ရေးအတွက် ပြေးဆွဲနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု မန္တလာမင်းယာဥ်လိုင်းမှ ထုတ်ပြန် ထားသည်။

EV ခရီးသည်တင် အဝေးပြေးကားများကို ၂၀၂၅ ခုနှစ်အထိ လမ်းတံတားကြေး ကင်းလွတ်ခွင့် ပေးထားကြောင်း၊  EV ခရီးသည်တင် အဝေးပြေးကားများကို ၂၀၂၅ ခုနှစ်၊ ၃ လပိုင်းအထိ တင်သွင်းခွင့်အား အခွန်ကင်းလွတ်ခွင့် ပေးထားကြောင်း သိရသည်။

ထို့အပြင် EV အဝေးပြေး ကားများအတွက် အားသွင်းရန်နေရာ (Charging Station) များ လိုအပ်ပါက ထပ်မံ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “EV အတွက်ကို Charging Station ပိုင်းမှ ၂ ပိုင်းရှိတယ်။ Public နဲ့ private ပေါ့နော်။ ကိုယ့်ကိုယ်ပိုင် အစီအစဥ်နဲ့ လုပ်တာနဲ့ အများပြည်သူ အားသွင်းလို့ ရအောင်လုပ်တာပေါ့။ အမြန်လမ်းမှာ ဆိုလို့ရှိရင် ကျနော်တို့ အများပြည်သူ အားသွင်းနိုင်ဖို့ Charging Station တွေ လုပ်ပေးထားပါတယ်။ နောက်ထပ်တိုး ချဲ့ဆောက်လုပ်ဖို့ ကျ ဒီ EV ကားရောက်ရှိမှု၊ သုံးစွဲမှုနဲ့ Charging Station ကို သုံးစွဲဖို့အတွက် ချိန်ပြီးတော့ ခွင့်ပြုပေးတာပေါ့နော်။ နောက်ထပ်တိုးချဲ့ဖို့ အတွက်ကတော့ လုံလောက်တယ်ဆိုရင်တော့ မတိုးချဲ့သေးဘူးပေါ့လေ၊ မလုံလောက်တော့ ဘူးဆိုရင်တော့ တစ်ချိန်ချိန်ပေါ့နော် ကားရောက်တာများပြီးတော့ သုံးစွဲမှုများလာတဲ့ အချိန်ကျရင်တော့ ကျနော် တို့ တိုးချဲ့ဖို့ အစီအစဥ်ရှိပါတယ်။ အခုလက်ရှိ အချိန်ထိကတော့ ကျနော်တို့ ရောက်ရှိနေတဲ့ ကားနဲ့ ရှိနေတဲ့ Charging Station နဲ့ လုံလောက်တာဖြစ်တဲ့အတွက် မတိုးချဲ့သေးပါဘူး" ဟု ပြောသည်။

EV ကားများအတွက် Charging Station နေရာများကို နေပြည်တော်တွင် ၄ နေရာ၊ ရန်ကုန်မြို့တွင် ၅ နေရာ၊ မန္တလေးမြို့တွင် ၅ နေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၅ နေရာ၊ စုစုပေါင်း ၁၉ နေရာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်းထားသည်။