CNI International News

ဘေကျင်း၊ ဩဂုတ် ၂၉

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်လုပ်ငန်းများသည် အမြတ်ငွေ လျော့ကျမှု ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ကြွေးမြီကင်းရှင်းစွာဖြင့် လုပ်ငန်းများ လည်ပတ်နိုင်ရန် ရုန်းကန်နေရသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အသက် ၃၂ နှစ်အရွယ် လျောင်ဟွေ (Liao Hui) အမည်ရှိ စားသောက်ဆိုင် လုပ်ငန်းရှင် အမျိုးသမီးသည် အမြတ် ငွေများ ဆက်တိုက် ကျဆင်းလာခဲ့သဖြင့် ယခုနှစ် အစောပိုင်းကစပြီး ရှန်ကျန်း (Shenzhen) မြို့တွင် ဖွင့်လှစ်ထား သည့် စီချွမ် (Sichuan) အစားအစာများ ရောင်းချသော စားသောက်ဆိုင် ၅ ဆိုင်ထဲမှ ၄ ဆိုင်ကို ပိတ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

"နောက်ဆုံးကျန်တဲ့ တစ်ဆိုင်မှာလည်း အစားအစာ စျေးနှုန်းတွေကို လျှော့ချထားရပါတယ်။ စားသောက်ဆိုင် လုပ်ငန်းတစ်ခုလုံးဟာ အခုဆိုရင် လျှော့စျေးတွေ အပြိုင်အဆိုင်ပေးနေပြီး လုပ်ငန်း ဆက်လက် လည်ပတ်ဖို့ တော်တော်ကို ရုန်းကန်နေရပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်က စားသောက်ဆိုင်ကို တွေ့ရစဉ်

တရုတ်၏ အခြားမြို့ကြီးများရှိ စားသောက်ဆိုင် ပိုင်ရှင်များသည်လည်း အကြွေးကင်းကင်းဖြင့် လုပ်ငန်းလည်ပတ် ရန် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အားနည်းနေသည့် စီးပွားရေး အလားအလာများကို မြင်တွေ့ နေရချိန်တွင် စျေးကွက်ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ အမြတ်ငွေများ လျော့ကျခြင်း သို့မဟုတ် ငွေကြေးဆုံးရှုံးမှုများခြင်း အစရှိသည့် အခြေအနေများကို ကြုံတွေ့နေရသည်။

ဘေကျင်းတွင် နှစ်စဉ် ဝင်ငွေ စုစုပေါင်း ယွမ် ၂ သန်းကျော်ရှိနေသည့် အစားအစာရောင်းချသော ကုမ္ပဏီများ၏ အမြတ်ငွေများသည် ယခုနှစ်ပထမ ၆ လပတ် ကာလအတွင်း ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၈၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်၏ စီးပွားရေး နှေးကွေးမှုကြောင့် တရုတ်စားသုံးသူများသည် စားသောက်ဆိုင်များတွင် လာရောက် စားသုံးမှုကို လျှော့ချခဲ့သဖြင့် တစ်ချိန်က ခိုင်မာအားကောင်းခဲ့သည့် စားသောက်ဆိုင် လုပ်ငန်းအတွက် ကြီးမား သော ထိုးနှက်ချက်ဖြစ်ခဲ့ကာ ပြည်တွင်းစီးပွားရေးအပေါ် ကြီးမားစွာ သက်ရောက်ခဲ့သည်။

တရုတ်က စားသောက်ဆိုင်ကို တွေ့ရစဉ်

ထို့ကြောင့် ဟော့ပေါ့ဆိုင်များမှ ကော်ဖီဆိုင်များအထိ စားသောက်ဆိုင် ပိုင်ရှင်များသည် အစားအစာ စျေးနှုန်းများ ကို အပြိုင်အဆိုင်လျှော့ချပြီး စားသုံးသူများအား ဆွဲဆောင်နေသဖြင့် စျေးကွက်ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာခဲ့သည်။

ဇွန်လက Song Hotpot Factory ဟော့ပေါ့ဆိုင်သည် စွပ်ပြုတ်ဟင်းရည်များအတွက် အနိမ့်ဆုံးစျေးနှုန်းကို ၈ ယွမ်၊ အသားဟင်းလျာများ၏ အနိမ့်ဆုံးစျေးနှုန်းကို ၉ ဒသမ ၉ ယွမ်နှင့် ဟင်းသီးဟင်းရွက်များ၏ အနိမ့်ဆုံးစျေးနှုန်းကို ၆ ယွမ်အထိ လျှော့ချပေးခဲ့သည်။

"အစားအစာ စျေးနှုန်းတွေက တစ်ဝက်လောက် လျှော့ချလိုက်တော့ စားသုံးသူတွေဘက်က အဆင်ပြေသွားတာ ပေါ့။ ကျမ ဒီဟော့ပေါ့ဆိုင်မှာ ၂၀၂၂ ခုနှစ်ကတည်းက စားလာတာပါ။ အရင်က တစ်ယောက်စာဆိုရင် ပျမ်းမျှ ယွမ် ၁၅၀ ကုန်ကျပါတယ်။ အခုနှစ်မှာတော့ လျှော့စျေးတွေကြောင့် တစ်ယောက်စာကို ယွမ် ၁၀၀ တောင်မကုန်တော့ ပါဘူး" ဟု အသက် ၂၂ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သည့် ဆမ်မီ ချန်း (Sammy Chen) က ပြောကြားခဲ့သည်။

Source: SCMP