CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈

စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းများတွင် ဆီအများဆုံး သိုလှောင်နိုင်ခွင့်ပြုထားသည့် ပမာဏအား ယခင်ထက် တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

ယခင်က စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းများအား ဆီသိုလှောင်နိုင်သည့်ပမာဏအဖြစ် အနည်းဆုံး ဂါလန် ၅၆၀၀၁ မှ အများဆုံးဂါလန် ၇၆၈၀၀ အထိသာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ၎င်းအစား ယခုအခါအတွင်  နည်းဆုံး ၇၆၈၀၁ မှ စတင်ကာ သိုလှောင်နိုင်ပြီဖြစ်သည်။

ယခုကဲ့သို့ ဆီသိုလှောင်ခွင့်ပမာဏအား တိုးမြှင့်သတ်မှတ်လိုက်ခြင်းသည် စက်သုံးဆီပြဿနာအတွက် ကောင်းမွန် သည်ဟု ဆိုရမည်ဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

“လောလောဆယ်ကတော့ ယာယီအားဖြင့် ဒါကောင်းတယ် ပြောရမှာပေါ့လေ။ ကောင်းတယ်ဆိုတာက affective ဘက်က ရှိတာကို။ ပြဿနာတစ်ရပ်ကိုကြည့်တယ်ဆိုတာက ကိစ္စတိုင်းမှာ ဗမာပြည်ရဲ့ပြဿနာက ထိရောက်မှုနဲ့ စွမ်းဆောင်ရည်ရှိမှုက အမြဲတမ်းတွဲစဉ်းစားရမှာပေါ့။ အဲဒီလိုမတွဲဘူးပေါ့လေ အမြဲတမ်း။ ကောင်းတယ်ဆိုတာက တစ်ခုရှိတာပေါ့လေ။ ဆီဆိုင်ပိုင်ရှင်တွေရဲ့ attitude ပေ့ါလေ။ ဒီအပေါ်လည်း မူတည်တာပေါ့။ သိုလှောင်ခွင့် ဘယ်လောက်ပဲ ပေးထား ပေးထား သူတို့ရဲ့ attitude က တက်ရင်တက်သလို၊ ကျရင်ကျသလို အဆင်ပြေသလို လုပ်မယ်ဆိုတဲ့ စိတ်မျိုး ရှိရင်တော့လည်း ဒါက သိပ်ထိရောက်မှုမရှိဘူးပေါ့။ အဲဒီလိုစိတ်မျိုးမရှိဘူးဆိုရင် ဒါသည် အမျိုးသားပြဿနာလို့ မြင်ရင် ဒါတော့ ကောင်းပါတယ်။ စွမ်းဆောင်ရည်ရှိတယ်ဆိုတာက logistics သဘောတရားမှာ JIT ဆိုတာ ရှိတယ်။ Just In Time ဒီနေ့ကို ဂါလံ တစ်သိန်း ရောင်းရမယ်ဆိုရင် ၁ သိန်း အဆင်သင့်ရှိနေရမှာပေါ့။ ဒါကတော့ Professional ဆန်ဆန်တွေးတာပေါ့။ JIT ဆိုတာက လက်တွေ့ သဘောတရားအရ ဖြစ်ဖို့မလွယ်ဘူး” ဟု ၎င်းက ပြောသည်။

ဆီဘောက်စာကားများ

လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီပြဿနာသည် သိုလှောင်နိုင်မှုပမာဏအား တိုးပေးခြင်းနှင့်မသက်ဆိုင်ဘဲ နိုင်ငံခြားငွေမလုံလောက်ခြင်းသည် အဓိကဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

စက်သုံးဆီပြဿနာသည် ရေနံများပြတ်လပ်ခြင်း၊ ရှားပါးခြင်း အစရှိသည့် ဆီအကျပ်အတည်းသည် တစ်ကမ္ဘာလုံး ၌ ဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံတွင်သာ စက်သုံးဆီပြဿနာဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းတို့ က ထောက်ပြကြသည်။

ထိုသို့ ဖြစ်ပေါ်နေရခြင်း၏ အဓိက ပြဿနာမှာ နိုင်ငံခြားငွေမရှိခြင်းကြောင့်ဟု စီးပွားရေးလေ့လာ သုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ပထမဆုံးစပြီးတော့မှားတာက နိုင်ငံခြားငွေကို အစိုးရကသွားပြီးကိုင်လိုက်တာပဲ။ ငွေလဲနှုန်းကိုသွားပြီးတော့ မနိုင်မနင်း ကိုယ်မနိုင်တဲ့ကိစ္စကိုသွားပြီးကိုင်လိုက်တဲ့အခါမှာ သူက အစိုးရဈေးသတ်မှတ်တယ်၊ အဲဒီတော့ ဒီ exporter ကမကိုက်တော့ဘူး။ မကိုက်တော့ မပို့တော့ဘူး။ အလားတူပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း နိုင်ငံရေးအခြေအနေဆိုးနေတဲ့ ကြားထဲမှာ အဲဒီလိုနိုင်ငံခြားငွေဈေးနှုန်းတွေ သတ်မှတ်တယ်။ ပြီးရင် သူတို့ရတဲ့ အမြတ်လည်းပြန်ပြီး ပို့လို့မရ၊ ဘာမရဖြစ်တယ်။ အဲဒီလိုမျိုးစပြီး ကိုင်တာက စမှားတာပဲ။ အဲဒီလိုလုပ်လိုက်တဲ့ အတွက် export လည်းကျသွားတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း ကျသွားတယ်။ ကျသွားတော့ နိုင်ငံခြားငွေ ကဝင်မလာဘူး။ နိုင်ငံခြားငွေဝင်မလာတော့ ဒီသွင်းကုန်တွေကို ကန့်သတ်လိုက်တယ်။ သွင်းကုန်တွေကို ကန့်သတ် လိုက်တော့ အခုလိုမျိုး အကုန်လုံး shortage တွေဖြစ်ကုန်တာပေါ့” ဟု ၎င်းကပြောသည်။
စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်သည့်အခါမျိုးတွင် ဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးခြင်းမျိုး လုပ်ဆောင် သော်လည်း ၎င်းထုတ်ရောင်းသည့်ပမာဏသည် လုပ်ငန်းရှင်များ အမှန်တကယ် လိုအပ်နေသည့် ပမာဏနှင့် ကွာဟကြောင်းလည်း သိရသည်။

ထိုသို့ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်မှ ‌ဒေါ်လာထုတ်ရောင်းပေးခြင်းသည်လည်း ကာလတိုအတွက်သာ ပြဿနာ ကိုဖြေရှင်းရန် အဆင်ပြေကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။