CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂

မြန်မာနိုင်ငံတွင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် လူမှုကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပရဟိတအသင်းများသည် လူနာတင်ယာဉ်များအား လျှော့ပေါ့ပြေးဆွဲလာကြကြောင်း ပရဟိတအသင်းများ ထံက သိရသည်။

ထိုသို့ လူနာတင်ယာဉ်များအား အရေအတွက် လျှော့ပေါ့ပြေးဆွဲခြင်းကြောင့် ဆေးရုံ၊ ဆေးခန်း ပို့ရမည့် လူနာများ အပေါ်သို့ တိုက်ရိုက်ထိခိုက်လာကြောင်း စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)မှ ကိုဝေဖြိုးက CNI သတင်းဌာနသို့ ပြောသည်။

ဦးဝေဖြိုးက “လောလောဆယ်တော့ စက်သုံးဆီဈေးတွေက တက်တာထက်ကို တစ်ခါတစ်ခါကျရင် 92 တောင် ဆိုင်တွေမှာ ကုန်နေလို့ တိုင်တွေပတ်လို့။ အခု ကားတစ်ခါ တစ်ခါ လိုက်ထည့်လို့ရှိရင် ဆီဆိုင် သုံး၊ လေး ဆိုင်လောက် သွားနေရတယ်။ မနေ့က 92 တောင် ဝယ်လို့မရဘူး ဖြစ်နေတယ်။ ဆီက ဈေးလည်း တက်တာထက် ဆီဝယ်ရတာပါ လိုက်ပြီးတော့ ရှာဝယ် နေရ တယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ ဒါက ပြည်သူအတွက်ကို တိုက်ရိုက် ထိခိုက်တယ်ပေါ့။ ဘယ်လိုပြောမလဲဆိုရင် ဒီလူနာတွေ က အချိန်မီ ဆေးရုံရောက်ရမယ့် အချိန်မှာ လူနာတင် အသင်းတွေမှာရှိတဲ့ ကားတွေက အခက်အခဲရှိတဲ့ လူတွေအတွက် ချက် ချင်း မသွားနိုင်ဘူးဆိုရင် လူနာတွေအတွက် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တာပေါ့။ တစ်ကြောင်းထွက်သွားတဲ့ အဲဒီအချိန် တွင်းမှာတော့ နောက်နှစ်စီးက ကားရှိပေသော်ငြားလည်း ဆီက အခက်အခဲရှိတဲ့ အခါကျတော့ မထွက်နိုင်ဘူးလေ။ အဲဒီတော့ ကားတစ်စီး ပြန်လာမှပဲ နောက်လူနာကို သွားပို့ပေးရတယ်။ ဒါမှမဟုတ်ရင် တခြားအသင်းနဲ့ ချိန်းပေးတာပေါ့နော်” ဟု ပြော သည်။

No description available.

စက်သုံးဆီ ထည့်ရန်စောင့်ဆိုင်းနေကြ 

လက်ရှိတွင် ပရဟိတ အသင်းများသည် လူနာတင်ယာဉ် ၅ စီးရှိပါက ၂ စီး၊ ၃ စီးရှိပါက ၁ စီးသာ ဆွဲကြတော့ကြောင်း၊ တချို့ နယ်မြို့များတွင် စက်သုံးဆီမှာ ဝယ်ယူရန် အခက်အခဲရှိကြောင်း သိရသည်။

စက်သုံးဆီ ဈေးနှုန်းများသည် မြို့ကြီးများတွင် ငွေကျပ် ၂၂၀၀ ကျော်ရှိသော်လည်း အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝေးလံသည့် မြို့နယ်များတွင် စက်သုံးဆီ ဈေးနှုန်းမှာ ထိုပမာဏထက် ပိုများသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှ နယ်စည်းမခြား ပရဟိတအသင်းမှ တာဝန်ရှိသူက အသင်းထံသို့ အကူအညီ တောင်းခံ လာသော လူနာများမှာ အဆင်မပြေသည့် မိသားစုများဖြစ်သည့်အတွက် စက်သုံးဆီဈေး မြင့်တက်သည့်ကြားက ရုန်းကန်၍ လူနာလမ်းကြောင်း ပို့ပေးနေရကြောင်း CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က ပိုပြီးတော့‌တောင် ပို့ပေးနေရတယ်။ တော်တော်များများက အဆင်မပြေတဲ့ မိသားစုတွေများတော့ ကျနော်တို့ကို တော်တော်များများ အကူအညီ တောင်းလာတော့ ကျနော်တို့ကတော့ ဒိုင်ခံ လုပ်ပေးနေရတာပေါ့။ လူနာတွေ အနေနဲ့ တချို့ အဆင်ပြေတဲ့ လူနာတွေ ကျတော့လည်း ဆီတော့ ဖြည့်ခိုင်းရတာပေါ့။ လုံးဝ မရှိတဲ့ လူနာကတော့ များတာပေါ့။ အဲ့ဒါကြောင့် ကျနော်တို့က အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ပေးနေရတာပေါ့။ ဆီဈေးနှုန်းတက်တဲ့ အတွက်ကြောင့် ကျနော်တို့မှာလည်း လူနာတွေကို ပို့ရတဲ့နေရာမှာ တော်တော်လေးကို အင့်(အခက်အခဲရှိ)တာပေါ့နော်။ ကျနော်တို့ကလည်း အလှူငွေနဲ့ ရပ်တည်ပြီး သွားနေရတာဆိုတော့လေ”ဟု ပြောသည်။

လက်ရှိတွင် စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာသော်လည်း အလှူရှင်များမှာ နည်းသဖြင့် တချို့ ပရဟိတအသင်းများ၌ စရိတ် မျှပေးပုံစံဖြင့် လူနာတင်ယာဉ် လမ်းကြောင်းများ ပြေးဆွဲနေကြကြောင်း သိရသည်။

ထို့ကြောင့် ပရဟိတအသင်းများရှိ လူနာတင်ယာဉ်များအတွက် စက်သုံးဆီများအား အလွယ်တကူ ဝယ်ယူ၍ ရနိုင်ရန် လုပ် ဆောင်ပေးသင့်ကြောင်း ပရဟိတအသင်းများက ပြောသည်။

လူနာလိုက်ပို့ရန် ဆောင်ရွက်နေ

ရွှေရောင်သမိုင်းပရဟိတအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က “စက်သုံးဆီဈေး ရုတ်တရက် ပြန်ကျဖို့ဆိုတာလည်း မလွယ်ဘူးဆိုတာ သိပါတယ်။ နိုင်ငံတကာ စက်သုံးဆီ အခြေအနေ၊ နိုင်ငံတကာ ဒေါ်လာဈေး အခြေအနေ ဒါတွေနဲ့လည်း ဆက်စပ် နေတယ်ဆို တာ နားလည်တယ်။ သို့သော် လူနာတင်ယာဉ်တွေ အတွက်ကိုတော့ တခါတလေကျ တချို့ဆိုင်တွေ နှစ်သောင်းဖိုးပဲ ရောင်း တယ်။ လူနာတင် ယာဉ်တွေဆိုရင်တော့ အထူးအခွင့်ရေး တစ်ရပ်အနေနဲ့ အများပြည်သူကို ကူညီတာဖြစ်တဲ့အတွက် လူနာ တင်ယာဉ်ဆိုရင် သုံးသောင်းဖိုးလောက် ပေးလိုက်မယ်ဆိုတာမျိုး အဲဒီလိုမျိုးလေးတွေတော့ တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်း ပြီး ကူညီစေချင်တယ်ပေါ့။ ဒါကလည်း ကျ‌နော်တို့ ကိုယ်ကျိုးကိစ္စမပါဘူး။ အများအတွက် ကူညီပေးနေတာ ဖြစ်တဲ့အတွက် စက်သုံးဆီဈေး လျော့ကျဖို့အတွက် မူဝါဒကလည်း ဌာနဆိုင်ရာတွေမှာ ရှိပြီးဖြစ်မှာပါ။ လျှင်လျှင်မြန်မြန် အကောင်အထည် ဖော်ဖို့ပဲ လိုတာပေါ့”ဟု ပြောသည်။

ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၅ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ဆီသိုလှောင်ကန်များ၌ ဇွန်လ ၁၆ ရက်အထိ စက်သုံးဆီ အလုံအလောက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့သည်။

ထို့အပြင် ဆီကုန်သည်များနှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း၊ ကမ္ဘာ့ ဆီစျေးနှုန်း မြင့်တက်မှုများကြောင့် လက်ရှိ ပြည်တွင်း စက်သုံးဆီ စျေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံတချို့နှင့် နှိုင်းယှဉ်ပါက စျေးနှုန်း နည်းပါးသေး ကြောင်း၊ အစိုးရအနေဖြင့် အခွန်လျော့ ကောက်ပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ သည်။