CNI International News

မော်စကို၊ စက်တင်ဘာ ၆

တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်မှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း မလေးရှား၏ စွမ်းအင်တူးဖော်မှုများကို တရုတ်က ကန့်ကွက်သည့် သံတမန် မှတ်တမ်းတစ်ခု ပေါက်ကြားလာခဲ့ပြီးနောက် အန်ဝါက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံပိုင် Petronas ရေနံကုမ္ပဏီသည် မလေးရှား၏ အထူးစီးပွားရေးဇုန်အတွင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်များကို တူးဖော်လျက်ရှိသည်။

တရုတ်သည် သယံဇာတပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အားလုံး နီးပါးကို ပိုင်ဆိုင် ကြောင်း ကြေညာထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

"ကျနော်တို့က ကျနော်တို့ရဲ့ ရေပြင်တွေထဲမှာရှိတဲ့ ရေနံတွေကိုပဲ တူးဖော်နေတာ ဖြစ်ပါတယ်" ဟု ရုရှားသို့ တရားဝင် ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် အန်ဝါက သတင်းထောက်များကို ပြောကြားခဲ့သည်။

အန်ဝါ အီဘရာဟင်မ်နဲ့ ပူတင်ကို တွေ့ရစဉ်

ထို့ပြင် မိမိတို့၏ သဘောထားကို တရုတ်အား ရှင်းလင်းပြောကြားမည်ဖြစ်ပြီး မိမိတို့တွင် ရန်လိုသည့် ရည်ရွယ် ချက်မျိုး မည်သည့်အခါကမျှ မရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

"တရုတ်က မိတ်ဆွေကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ကျနော်တို့ နယ်နိမိတ်ထဲမှာရှိတဲ့ ရေနံတွေကို တူးဖော်မှု အပါအဝင် စီးပွားရေး လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု အန်ဝါက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့်  Inquirer.net ဝက်ဘ်ဆိုက်တွင် မလေးရှားသည် တရုတ်၏ နယ်နမိတ်အတွင်းသို့ ဝင်ရောက်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်နေ ကြောင်း၊ ထိုတူးဖော်မှုများကို ရပ်တန့်ရန် တရုတ်က တောင်းဆိုထားသည့် သံတမန်မှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုသံတမန်မှတ်တမ်း ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပြီး ထိုမှတ်တမ်းထဲတွင် ပါရှိသည့် အကြောင်းအရာများကိုမူ ငြင်းဆိုခဲ့ခြင်းမရှိပေ။

Source: CAN