CNI International News
ကွာလာလမ်ပူ၊ ဇူလိုင် ၁၂
တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးရှားပိုင်နက်ကို ကာကွယ်ရေးအတွက် မလေးရှားသည် အမေရိကန်ထံမှ တိုက်လေယာဉ်များ ဝယ်ယူ၍ လေတပ်အင်အားကို မြှင့်တင်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံသည် ဒါဇင်နှင့်ချီသည့် အမေရိကန်လုပ် တိုက်လေယာဉ်များကို ဝယ်ယူရန် အဆိုပြုခဲ့ရာ အမေရိကန်က အတည်ပြုခဲ့သည်။
မလေးရှားသည် တရုတ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားချိန်တွင် တစ်ဖက်တွင်လည်း လေကြောင်း အင်အားကို မြှင့်တင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
အမေရိကန်သည် တစ်ပတ်ရစ် F/A-18C/D Hornet တိုက်လေယာဉ်များကို ကူဝိတ်နိုင်ငံထံမှ ပြန်လည်ဝယ်ယူ လိုသည့် မလေးရှား၏ တောင်းဆိုချက်ကို အတည်ပြု ပေးခဲ့သည်ဟု မလေးရှားတော်ဝင်လေတပ် (RMAF) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး တန် သီရိ အက်စ်ဂါ ခန်း ဂိုရီမန်း ခန်း (Tan Sri Asghar Khan Goriman Khan) သည် ဇွန်လ ၁၇ ရက်က ပြောကြားခဲ့သည်။
ထိုလေယာဉ်များ ဝယ်ယူရေးနှင့်ပတ်သက်ပြီး မလေးရှားနှင့် အမေရိကန်ကြား ၂၀၁၇ ခုနှစ်က ဆွေးနွေးညှိနှိုင်းမှု များ စတင်ခဲ့ပြီးနောက် အမေရိကန် လက်နက်များ တင်ပို့ရောင်းချမှု ထိန်းချုပ်ရေးအက်ဥပဒေအောက်တွင် လွှတ်တော်၏ အတည်ပြုချက်ကို စောင့်ဆိုင်းခဲ့ရပြီးနောက် အတည်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်အတွင်းက စစ်စခန်းတစ်ခုကို တွေ့ရစဉ်
ထိုလေယာဉ် ရောင်းဝယ်ရေး စာချုပ်ကို ယခုနှစ်အတွင်း အပြီးသတ် ချုပ်ဆိုရန် မျှော်လင့်ထားကြောင်း မလေးရှား ဒုတိယကာကွယ်ရေးဝန်ကြီး အက်ဒလီ ဇာဟာရီ (Adly Zahari) က ပြောကြားခဲ့သည်။
ထိုတိုက်လေယာဉ်များ ဝယ်ယူမှုသည် မလေးရှား၏ လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည်များကို သိသိ သာသာ မြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း Lowy Institute ၏ အရှေ့တောင်အာရှရေးရာ သုတေသီ အဗ္ဗဒူ ရာမန် ယာကော့ဘ်က ပြောကြားခဲ့သည်။
"ဒါဟာ တောင်တရုတ်ပင်လယ်ထဲက မလေးရှားနိုင်ငံရဲ့ စွမ်းအင်လုပ်ကွက်တွေ တည်ရှိတဲ့ အရှေ့ မလေးရှား ဒေသအတွက် အရမ်းအရေးကြီးပါတယ်"ဟု ရာမန်က ပြောကြားခဲ့သည်။
ထို F/A-18C/D Hornet တိုက်လေယာဉ်များကို အရှေ့မလေးရှားဒေသရှိ ဆာရာဝက် (Sarawak) ပြည်နယ်တွင် အသစ် တည်ဆောက်ထားသည့် ရေတပ်စခန်းများတွင် ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်ကလည်း မလေးရှားတော်ဝင်လေတပ်သည် အရှေ့မလေးရှားဒေသတွင် အမေရိကန်လုပ် AN/TP77 ရေဒါများနှင့် ပြင်သစ်နိုင်ငံလုပ် GM400A ရေဒါများကို ဖြန့်ကြက်ချထားခဲ့ပြီး လေကြောင်းကင်းလှည့်မှု စွမ်းဆောင် ရည်များကို တိုးမြှင့်ခဲ့သည်။
Source: South China Morning Post