CNI International News

ပေကျင်း၊ စက်တင်ဘာ ၁၀

တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် ဆက်ဆံရေးသည် လမ်းဆုံလမ်းခွနေရာသို့ ရောက်ရှိ နေကြောင်း တရုတ်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၉ ရက်က တရုတ်ကွန်မြူနစ်ပါတီ၏ People's Daily သတင်းစာတွင် တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ မြင့်တက်နေချိန်မှာ ဖိလစ်ပိုင်အနေဖြင့် နှစ်နိုင်ငံအကြား အနာဂတ် ဆက်ဆံရေးကို အလေးအနက် ထား စဉ်းစားရန် တရုတ်က တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။

မကြာသေးမီ လများအတွင်း ဖိလစ်ပိုင်နှင့် တရုတ်ကမ်းခြေစောင့်သင်္ဘောများ တိုက်မိမှု၊ ခိုက်ရန်ဖြစ်ပွားမှုများ အပါအဝင် တောင်တရုတ်ပင်လယ်တွင် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ရှိခဲ့သည်။

ထိုဖြစ်စဉ်များက ပင်လယ်ရေကြောင်း အငြင်းပွားမှုများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းရန် ဆက်သွယ်ရေး လမ်းကြောင်း အသစ်များ ဖော်ဆောင်မှု အပါအဝင် ထိပ်တိုက်တွေ့မှုများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် ကြိုးပမ်းနေသည့် နှစ်နိုင်ငံစလုံး၏ အားထုတ်ကြိုးပမ်းမှုများကို ထိခိုက်စေခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်သင်္ဘောတွေကိုတွေ့ရစဉ်

"တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးဟာ လမ်းဆုံကို ရောက်နေပါတယ်။ ဘယ်လမ်းကို သွားရမလဲဆိုတာ ရွေးချယ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ထိပ်တိုက် တွေ့မှုတွေကနေတစ်ဆင့် ပြဿနာကို မဖြေရှင်းနိုင်တာကြောင့် ဆွေးနွေး ညှိနှိုင်းမှုတွေက လမ်းကြောင်းအမှန်ဖြစ်ပါတယ်" ဟု People's Daily သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်အနေဖြင့် တရုတ်နှင့် အပြန်အလှန် ထိတွေ့ဆက်ဆံမှု လမ်းကြောင်းပေါ်တွင် ပြန်လည် လျှောက် လှမ်းရန် ပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံအကြား အနာဂတ် ဆက်ဆံရေးကို အလေးအနက် စဉ်းစားသင့်  ကြောင်းလည်း ထိုသတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုအတွေးအမြင်ကဏ္ဍ ရေးသားဖော်ပြမှုကို Zhong Sheng အမည်ရှိ ကလောင်အမည်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ "တရုတ် အသံ" ဖြစ်သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသဖြင့် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

နိုင်ငံတကာ အနုညာတခုံရုံးကမူ ၂၀၁၆ ခုနှစ်တွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုင်ဆိုင်ကြောင်း ကြေညာချက်ကို တရားမဝင်ကြောင်း စီရင်ချက်ချခဲ့သော်လည်း တရုတ်ကမူ ထိုစီရင်ချက်ကို ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ