CNI International News

ဘာလင်၊ စက်တင်ဘာ ၁၀

ရုရှားစစ်ထောက်လှမ်းရေး GRU Unit 29155 ၏ လက်အောက်ခံဖြစ်သည့် ဆိုက်ဘာအဖွဲ့တစ်ဖွဲ့သည် နေတိုးနှင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများအား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဂျာမနီထောက်လှမ်းရေး အေဂျင်စီက သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများဖြစ်သည့် FBI ၊ CISA ၊ NSA နှင့် အခြားနိုင်ငံတကာ မိတ်ဖက် ထောက်လှမ်းရေး အေဂျင်စီများနှင့်အတူ  UNC2589 ဟု လူသိများသည့် အဆိုပါ ဆိုက်ဘာအဖွဲ့နှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ချိန်ကတည်းက ဥရောပ၌ ရုရှားဟက်ကာများ၊ စပိုင်များနှင့် ပတ်သက်ပြီ သံသယများ ပိုမိုကြီးထွားလာချိန်တွင် ထိုသတိပေးချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဂျာမနီထောက်လှမ်းရေးအေဂျင်စီကို တွေ့ရစဉ်

ယခုနှစ် အစောပိုင်းကလည်း ရုရှားသည် ဂျာမနီ၏ အာဏာရ ဆိုရှယ်ဒီမိုကရက်များ၊ ထောက်ပို့ကဏ္ဍ၊ ကာကွယ် ရေး၊ လေကြောင်းနှင့်အာကာသကဏ္ဍ၊ နည်းပညာကဏ္ဍများကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဂျာမနီက စွပ်စွဲခဲ့သည်။

ဂျာမနီက သတိပေးချက် ထုတ်ပြန်ခဲ့သည့် ရုရှားဆိုက်ဘာအဖွဲ့သည် Cadet Blizzard  သို့မဟုတ် Ember Bear ဆိုသည့် အမည်များဖြင့်လည်း လူသိများသည်။

ထိုအဖွဲ့သည် ဝက်ဘ်ဆိုက်များကို ဖျက်ခြင်း၊ အချက်အလက်များ ခိုးယူခြင်းတို့ အပါအဝင် သူလျှိုလုပ်ရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်သည့် ရည်ရွယ်ချက်ဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်က ဗြိတိန်နိုင်ငံတွင် ရုရှား၏ နှစ်ဖက်ချွန်သူလျှို ဆာဂျေ စကာရီပယ်လ် (Sergei Skripal) နှင့် ၎င်း၏ သမီးဖြစ်သူ ယူလီယာ (Yulia) တို့ အဆိပ်ခတ်ခံရချိန်၌ ရုရှားထောက်လှမ်းရေးအေဂျင်စီ GRU ပါဝင်ခဲ့ကြောင်း လည်း ဂျာမနီထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။

Source: Reuters