CNI International News

ဂျာကာတာ၊ စက်တင်ဘာ ၅

တရုတ် ဒုစရိုက်အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံထားရပြီး ဝရမ်းပြေးတစ်ဦးဖြစ်သည့် ဖိလစ်ပိုင်၏ မြို့တော်ဝန်ဟောင်း အလိုက်စ် ဂို (Alice Guo) ကို အင်ဒိုနီးရှားတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖိလစ်ပိုင် တရားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်အမည် ဂိုဟွာပင်း (Guo Hua Ping) ဟု လူသိများသည့် ဂိုသည် ပြစ်မှုဆိုင်ရာ အရှုပ်တော်ပုံတစ်ခုအတွက် လွှတ်တော်တွင်း စုံစမ်းစစ်ဆေးမှုကို တက်ရောက်ရန် ငြင်းဆိုခဲ့ပြီးနောက် တိမ်းရှောင်နေသဖြင့် ဖိလစ်ပိုင်အထက် လွှတ်တော်က ဂိုကို ဖမ်းဆီးရန် အလိုရှိကြောင်း ကြေညာခဲ့သည်။

ဂိုကမူ ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များကို ငြင်းဆိုခဲ့ပြီး သူသည် မနာလိုမုန်းထားသည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် သာမန် ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ မြို့တော်ဝန်ဟောင်း အလိုက်စ်ဂိုကို တွေ့ရစဉ်

လက်ရှိ အခြေအနေကို မိမိတို့၏ မိတ်ဆွေများဖြစ်သည့် အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ က အတည်ပြုခဲ့ကြောင်း၊ လက်ရှိတွင် မစ္စစ်ဂိုသည် ဂျာကာတာ (Jakarta)မြို့တော်ရှိ အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ အချုပ်ခန်းတွင်ရှိနေကြောင်း ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဂိုသည် စက်တင်ဘာ ၃ ရက် ညသန်းခေါင်ယံမတိုင်မီ ဂျာကာတာမြို့တော်၏ တန်ဂါရန် (Tangerang) မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် ဂိုအား သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်နှင့် တရားရေး လုပ်ထုံးလုပ်နည်းများအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရေးဝန်ကြိး ဂျီးဆပ် ခရစ်ပင် ရမ်မူလာ (Jesus Crispin Remulla) က ပြောကြားခဲ့သည်။

Source: SCMP