CNI International News

မနီလာ၊ ဇွန်လ ၉

ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအို (Mindanao) ကျွန်း၏ တောင်ဘက်ကမ်းလွန်တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ပြင်းအား ရှိသည့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် လူ ၁၉ ဦး သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

နံနက် ၇ နာရီ ၃၇ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါ ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၁၃၄ ဦးထက် မနည်းရှိခဲ့ပြီး၊ စာသင်ကျောင်းများ၊ ဈေးဆိုင်များ၊ ရုံးများနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ အမြောက်အမြား ပြိုကျခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးခြင်းများ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

သေဆုံးကြောင်း အတည်ပြုထားသူများအနက် ၁၀ ဦးမှာ ငလျင်ဗဟိုချက်နှင့် ၁၅ ကီလိုမီတာအကွာတွင် တည်ရှိ သည့် ဂျန်နရယ်ဆန်တိုစ် (General Santos) မြို့မှဖြစ်ပြီး ၅ ဦးမှာ ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်သော မင်ဒါနာအိုကျွန်းရှိ ဆာရန်ဂါနီ (Sarangani) ပြည်နယ်မှ ဖြစ်သည်။

လူမှုကွန်ရက် စာမျက်နှာများပေါ်ရှိ တင်ပြချက်များတွင် အထူးသဖြင့် ဂျန်နရယ်ဆန်တိုစ်မြို့ရှိ အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ကြီးမားစွာ ပျက်စီးဆုံးရှုံးခဲ့ရပုံများကို တွေ့မြင်ခဲ့ရသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က ယခုနှစ် ပညာသင်နှစ်၏ ပထမဆုံးရက် ဖြစ်သည့် ဇွန်လ ၈ ရက်တွင် မင်ဒါနာအိုကျွန်းပေါ်ရှိ ငလျင်ဒဏ်သင့် ဒေသများမှ စာသင်ကျောင်းအားလုံး၌ ကျောင်းဖွင့်ရက်များ ရွှေ့ဆိုင်းထားရန် ညွှန်ကြားခဲ့သည်။

ဖိလစ်ပိုင် ငလျင် ပြင်းအား တိုင်းထွာချက်ကိုတွေ့ရစဉ်

မင်ဒါနာအိုဒေသကို တာဝန်ယူရသည့် အရပ်ဘက် ကာကွယ်ရေးရုံး၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ရော့ဒ် ဆော့စ်မန်နာ (Rod Sosmena) က သတင်းအချက်အလက်များကို ထပ်မံ အတည်ပြုနေဆဲဖြစ်ပြီး ထိခိုက် သေဆုံး သူ အရေအတွက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၇ မိနစ်တွင် မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျာမန် ဘူမိဗေဒသုတေသနဗဟိုဌာနက ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နှင့် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံတို့ရှိ ဘူမိရူပဗေဒအေဂျင်စီများက ဆူနာမီ သတိပေးချက်များ ထုတ်ပြန် ခဲ့ကြပြီး နေရာဒေသအချို့တွင် ပုံမှန်ထက် ၁ ဒသမ ၄ မီတာအထိ မြင့်တက်နေသည့် လှိုင်းလုံးများကို တွေ့ရှိခဲ့ရ ကြောင်း သတင်းပို့ခဲ့သည်။

ထို့ပြင် ရစ်ခ်ျတာစကေး ၆ ပြင်းအားရှိသည့် နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဆူနာမီ သတိပေးချက်များကို ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီး မနီလာ မြို့တော်၏ တောင်ဘက် ၁၀၅၀ ကီလိုမီတာအကွာ၌ တည်ရှိသည့် ဂျန်နရယ်ဆန်တို့စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မွန်းလွဲပိုင်းမှာ လုပ်ငန်းစဉ်များကို ပြန်လည် စတင်နိုင်ခဲ့သည်။

Source: Nikkei Asia