CNI International News

ကွာလာလမ်ပူ၊ ဧပြီ ၂၈

မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ရွှေ့ပြောင်း နေထိုင်သူများကို ပင်လယ်ရေကြောင်းမှတဆင့် စင်္ကာပူနှင့် ထိုင်းနိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်၍ ပို့ဆောင်ပေးနေသော အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမား မှောင်ခိုကူးသည့် ဂိုဏ်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဧပြီ ၂၅ ရက် အရုဏ်မတက်မီ အချိန်က ကွာလာလမ်ပူ (Kuala Lumpur) ရှိ အဓိက ကားဂိတ် နှစ်ခုတွင် ပြုလုပ်ခဲ့ သော ဝင်ရောက် စီးနင်းမှုကြောင့် လူမှောင်ခိုကူးသူဟု သံသယရှိသူ အပါအဝင် အင်ဒိုနီးရှားနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ရွှေ့ပြောင်း အလုပ်သမားများကို နောက်တစ်နေရာသို့ ပို့ဆောင်ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော Mazda CX-5 ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံသားများသည် ထိုင်းနယ်စပ် တစ်လျှောက်ရှိ တရားမဝင် လမ်းကြောင်းများမှတဆင့် မလေးရှား နိုင်ငံထဲသို့ မှောင်ခိုဝင်ရောက်လာခဲ့သည်ဟု ယူဆရသည်။

လူပြတ်တဲ့ နေရာတစ်ခုကို တွေ့ရစဉ်

ထို့နောက် ကီလန်တန် (Kelantan) မှတဆင့် အမြန်ယာဉ်ဖြင့် ကွာလာလမ်ပူ အပါအဝင် ကလန်ဗယ်လီ (Klang Valley) သို့ ရောက်ရှိလာသည့် ၎င်းတို့အုပ်စုကို တာဝန်ရှိသူများက စောင့်ကြည့်ခြေရာခံခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဇာကာရီယာ ရှာဘန် (Zakaria Shaaban) က ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ အရာရှိများသည် ကီလန်တန်မှ ကလန်ဗယ်လီ (Klang Valley) သို့ အမြန်ယာဉ်များဖြင့် ခရီးနှင်လာသော အင်ဒိုနီးရှားနိုင်ငံသား အုပ်စုတစ်စု၏ ရောက်ရှိလာမှုကို စောင့်ကြည့်ခြေရာခံ ခဲ့သည်ဟု ဇာကာရီယာက ပြောကြားခဲ့သည်။

ကွာလာလမ်ပူမြို့၏ မြောက်ဘက်စွန်းရှိ Terminal Bersepadu Gombak ကားဂိတ်၌ အရာရှိများသည် အင်ဒိုနီး ရှား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ မြို့တော်အတွင်း ၎င်းတို့၏ သွားလာမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်ပေးသူဟု ယုံကြည်ရသည့် အင်ဒိုနီးရှား အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

တစ်ချိန်တည်းမှာပင် မြို့တစ်ဖက်ခြမ်းရှိ Terminal Bersepadu Selatan ကားဂိတ်၌ အဆိုပါဂိုဏ်းနှင့် ဆက်နွှယ် နေသည်ဟု ယုံကြည်ရသည့် အခြား အင်ဒိုနီးရှား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးရုံးကို တွေ့ရစဉ်

ထိုဖြစ်စဉ်သည် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများကို ပို့ဆောင်ရန် အတွက် မလေးရှားနိုင်ငံ၏ လုံခြုံရေး ပေါက်ကြားလွယ်သော ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းနယ်စပ်များကို ကြာရှည်စွာ အသုံးပြုခဲ့ကြသည့် မှောင်ခိုဂိုဏ်းများ၏ နည်းဗျူဟာ ပြောင်းလဲလာမှုကို ညွှန်ပြနေသည်။

ပဏာမ စုံစမ်းစစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သည့် လူအုပ်စုသည် ဆီလန်ဂေါ (Selangor) ကမ်းလွန် ပင်လယ် ရေကြောင်းလမ်းများကို အသုံးမပြုတော့ဘဲ အာဏာပိုင်များ၏ စောင့်ကြည့်မှုမှ ရှောင်လွှဲနိုင်ရန် အခြားလမ်း ကြောင်းများကို စတင် အသုံးပြုလာကြကြောင်း သိရသည်။

ရွှေ့ပြောင်း အလုပ်သမား အများစုသည် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူများ ဖြစ်သည်ဟု ယူဆရ သဖြင့် ထိုမှောင်ခိုဂိုဏ်းသည် မလေးရှားနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များကို ရှောင်ရှားပြီး ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: South China Morning Post