CNI International News

ဘေကျင်း၊ စက်တင်ဘာ ၅

အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲများနှင့် ထိုင်ဝမ်အရေးတွင် ဒရုန်းများသည် အဓိကကျသော အခန်းကဏ္ဍ မှ ပါဝင်လာနိုင်သဖြင့် တရုတ်နှင့် အမေရိကန်သည် ဒရုန်းစစ်ဆင်ရေးများနှင့်ပတ်သက်ပြီး ပြိုင်ဆိုင်မှုများ မြင့်တက် နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

မကြာသေးမီက တရုတ်စစ်တပ်သည် ဒရုန်း အများအပြား ပါဝင်သည့် ဒရုန်းအုပ်စုလိုက် တိုက်ခိုက်မှုများကို ခုခံ တွန်းလှန်နိုင်သော ၎င်း၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက် လေကြောင်းကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု များကို ပြုလုပ်ခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုတွင် အရွယ်အစားသေးငယ်ပြီး ပျံသန်းနေသည့် ဒရုန်းများကို တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်ရန် စိန်ခေါ်မှုများရှိနေကြောင်း ရလဒ်များ ထွက်ပေါ်ခဲ့သည်။

စစ်ဘက်သုံး ဒရုန်းများကိုတွေ့ရစဉ်

တရုတ်နိုင်ငံပိုင် CCTV ရုပ်သံ၏ ဖော်ပြချက်အရ ထိုစစ်ရေး လေ့ကျင့်မှုတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) သည် ပထမအသုတ် ဒရုန်းအုပ်စုလိုက် တိုက်ခိုက်မှုကို လေယာဉ်ပစ် သေနတ်များဖြင့် တိုက်ခိုက်ခဲ့ရာ၌ ၄၀ ရာခိုင်နှုန်းသာ ထိရောက်မှုရှိခဲ့ကြောင်း သိရသည်။

PLA မြေပြင်တပ်ဖွဲ့၏ အမှတ် ၇၇ တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သည့် တန်ရှောင်လုံ (Duan Xiaolong) က ဒရုန်း များ၏ အရွယ်အစား သေးငယ်မှု၊ လျင်မြန်စွာ ပျံသန်းမှုနှင့် လမ်းကြောင်းပြောင်း ပျံသန်းမှုများကြောင့် ထိုဒရုန်း များကို ထိမှန်အောင်ပစ်ခတ်ရန် ခက်ခဲခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် ဆန်းသစ်တီထွင်မှုရှိပြီး ပိုမိုလျင်မြန်သည့် ဒရုန်းများကို ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် လုပ်ဆောင်နေချိန်တွင် ဒရုန်းများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ကာကွယ်ရန်လည်း လုပ်ဆောင်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

 ဒရုန်းတစ်စင်းကိုတွေ့ရစဉ်

ထို့အတူ အမေရိကန်ကလည်း ဒရုန်းများ၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် နည်းလမ်းအသစ်များ ရှာဖွေနေပြီး ကုန်ကျစရိတ်များကို ချိန်ညှိရန် စီစဉ်နေသည်ဟု Proceedings သတင်းဝက်ဘ်ဆိုက်တွင် ဩဂုတ်လက ရေးသား ခဲ့သည့် ဆောင်းပါးရှင် ကားလ်ဖလင်း၏ ဆောင်းပါးထဲ၌ ဖော်ပြခဲ့သည်။

အထူးသဖြင့် စျေးပေါပြီး အရေအတွက် အများအပြား ထုတ်လုပ်ထားသည့် ဒရုန်းများကို မြေပြင်မှ ဝေဟစ်ပစ် ဒုံးကျည် (SAM) များအသုံးပြုပြီး ပစ်ခတ်ရာတွင် ကုန်ကျစရိတ် အလွန်များပြားနေကြောင်း ကားလ်ဖလင်းက ပြောသည်။

လက်ရှိ ယူကရိန်းစစ်ပွဲတွင် ဖြစ်ပွားနေသည့် အခြေအနေများအရ ကင်မရာများ တပ်ဆင်ထားသော  အသေးစား ဒရုန်းများသည် ဒေါ်လာ ရာဂဏန်းသာ ကုန်ကျမည်ဖြစ်သော်လည်း ရုရှားတပ်များ အသုံးပြုနေသည့် အီရန်လုပ် တိုက်ပွဲဝင် Shahed-136 ဒရုန်းများသည် တစ်စင်းလျှင် ဒေါ်လာ ၂ သောင်းအထိ ကုန်ကျမည်ဖြစ်သည်။

Source: Asia Times